Monday, February 28, 2011

မမေ့နိုင်သော ထမင်းဝိုင်း

နှင်းတွေကျနေဆဲ ဖြစ်သည်။..
မနက်ခင်း ၈ နာရီထိုးနေပြီ ဖြစ်သော်လည်း နှင်းကမကွဲချင်သေး။.. အိုက်ဆောင် အဖို့ ဒီနေ့ အလုပ်စလုပ်ရမည်မို့ စိတ်လှုပ်ရှားနေသည်။.. အလုပ်က တစ်ခြားတော့မဟုတ်။.. ရေခဲချောင်းသွားရောင်းကြဖို့ ဖြစ်သည်။.. အိုက်ဆောင် တို့ အဖေမှာ ချို့တဲ့သော ၀န်ထမ်းဆိုသော်လည်း အိုက်ဆောင် လို ၄တန်း ကလေးတစ်ယောက် ရေခဲချောင်းထွက်ရောင်းရလောက်အောင် မချို့တဲ့လှ။.. ဒါပေမယ့် အစ်ကိုတွေ အလုပ်ထွက်လုပ်နေတော့ သူလဲ လုပ်ကြည့်ချင်သည်။.. သူငယ်ချင်းတွေ ရေခဲချောင်းရောင်းထွက်ရာ နေရာများသို့ လိုက်ရင်း သူပါရောင်းချင်လာသည်။.. သူတို့ ပိုက်ဆံလေးနဲ့သူတို့ အရုပ်တွေ မုန့်တွေ ၀ယ်ကြသည်။ ဒန့်လော့ ဆိုလျှင် အင်္ကျီတောင် သူဘာသာသူ ၀ယ်နိုင်သည်။.. ဒန်းလော့တို့ အဖေဆိုလျှင် မြို့နယ်ဆောက်လုပ်ရေးမှ အင်ဂျင်နီယာတစ်ဦးဖြစ်သည်။.. ဝေဖြိုးတို့ ရာဇာတို့ အဖေများမှာလည်း သူတို့မြို့လေးတွေ အရာရှိတန်းမှ ၀န်ထမ်းများဖြစ်သည်။.. သူတို့မြို့လေးတွင် ထူးလည်းထူးခြား သဘောကျစရာကောင်းသောကိစ္စ တစ်ခုရှိသည်။.. အလုပ်လုပ်သောသူဆိုလျှင် မည်သည့်အလုပ်ပင်ဖြစ်စေ သဘောကျအားပေးကြခြင်းဖြစ်သည်။.. လိုင်းကားများမှ အစ ရေခဲပုံး ပါသောကလေးဆိုလျှင် ကားခတောင်းလေ့မရှိ။.. ထိုနည်းဖြင့် အိုက်ဆောင် ရေခဲပုံးအလွတ်လေး လွယ်၍ သူငယ်ချင်းတွေနဲ့ လိုက်ဖြစ်နေခြင်းဖြစ်သည်။..

သူတိုမြို့လေး၏ သဘောထားဟု ဆိုသော်လည်း တကယ်တန်း တိတိကျကျ ပြောရလျှင် မြို့လေး၏ သူတို့ဘက်အခြမ်းက လူများ၏ သဘောထားဖြစ်သည်။.. သူတို့မြို့ကို တောင်ကျချောင်းရေတို့ကြောင့် အမြဲတစေ နီကျင်နေသော မြစ်တစ်စင်းက အလည်မှ ပိုင်းထားသည်။.. သူတို့ဘက်ခြမ်းမှာ ၀န်ထမ်းအများစုနေထိုင်ကြပြီး မြစ်၏တစ်ဖက်ခြမ်းတွင်မူ ဒေသခံလူမျိုးများနေကြသည်။.. အိုက်ဆောင် တို့ဘက်တွင် ရေခဲချောင်း တစ်ချောင်း ငါးမူးနှင့်ယူသွားပြီး မြစ်၏တစ်ဖက်ကို ရောက်လျှင် နှစ်ကျပ်ရသည်။.. သူတို့မြို့မှ ၁၄ မိုင်ခန့်အကွာရှိ ရွာကြီးသို့ သွားရောင်းလျှင် ငါးကျပ်ရသည်ဟု ကြားဖူးသည်။.. ဒီတစ်ခါတော့ အိုက်ဆောင် လည်းပါလာသည့် အထိမ်းအမှတ်ဖြင့် ထိုရွာကို သွားရောင်းကြဖို့ တိုင်ပင်ထားကြသည်။.. ထို့ကြောင့် ဆောင်းတွင်းမနက် နှင်းမှုန်တွေကြားထဲမှာပင် အိုက်ဆောင် တို့ အဖွဲ့ ရေခဲချောင်း ထုတ်ရောင်းသော အဖွားစိန်အိမ်သို့ရောက်နေကြခြင်းဖြစ်သည်။.. အဖွားစိန်ကပင် အလန့်တကြား ပြောယူရသည်။..
“ဟဲ့.. ကလေးတွေ ဘယ်အချိန်ရှိသေးတုန်း.. နင်တို့တွေ ဒီအချိန်ကြီး ရေခဲချောင်းရောင်းတော့ ဘယ်သူစားမတုန်းဟဲ့.. ဒီနေ့အဖို့နှင်းကတော်တော်နဲ့ ကွဲဦးမယ့်ပုံမပေါ်ဘူး..”
“အဖွားကလည်း.. သားတို့က ဒီနေ့ မန်ပန် အထိသွားရောင်းမှာ အဖွားရဲ့.. ”
ဝေဖြိုးက ဒါလေးတောင်မသိရကောင်းလားဆိုသော လေသံကတစ်ဝက် အမြတ်တွေ အများကြီးရတော့မှာမို့ ကြွားနေသည့်လေသံကတစ်ဝက်ဖြင့် ပြောသည်။.. ဒန်းလော့ကတော့ မျက်လုံးမှိတ်သွားအောင်ကို ပြုံးဖြီး၍ သဘောကျနေလေသည်။.. သူဒီတစ်ခေါက်တော့ အင်္ကျီတစ်ထည်လောက် ရပြီဆိုသည့် အတွေးနှင့်ဖြစ်သည်။.. အဖွားစိန်ကတော့ ဘာမှ မပြောတော့ပဲ ခေါင်းတခါခါ လည်တခါခါ ဖြင့်သာ ရေခဲချောင်းများ တစ်ယောက်ပြီးတစ်ယောက် ထည့်ပေးနေတော့သည်။..
"ကဲ.. နောက်တစ်ပုံးယူခဲ့.."
အဖွားစိန်တစ်ပုံးထည့်ပေးပြီးသွားသဖြင့် နောက်တစ်ပုံးလှမ်းတောင်းလိုက်သည်။.. အိုက်ဆောင် ရေခံပုံးလေးကိုင်ပြီး ရှေ့တိုးသွားသည်။.. အဖွားစိန်က မျက်ခုံးကို တွန့်၍ အားစိုက်ကြည့်လိုက်ရင်း..
"ဟဲ့.. ဒါလေးက.. ဗိုလ်လုံ့ သားအငယ်ဆုံးလေးမလား.. အဖေတို့ အဆင်ပြေကြရဲ့လားငါ့မြေး.."
အဖွားစိန် က အဖေတို့နှင့်သိသည်ဆိုလျှင်။.. အိုက်ဆောင် စိတ်ပူသွားသည်။.. တကယ်တော့ သူဒီနေ့ ရေခဲချောင်း လိုက်ရောင်းမည်ကို အဖေတို့မသိ။.. ငယ်စဉ်ကတည်းက ချူချူခြာခြာ နိုင်လှသော အိုက်ဆောင် ကို တစ်အိမ်လုံးက ပိုးမွေးသလို မွေးထားကြသည်။.. ရေခဲချောင်းလိုက်ရောင်းမည် မှန်းသာသိလျှင် အမေရိုက်တာခံရတော့မည်။.. အဖွားစိန်ကို တစ်ချက်ကြည့်ပြီး..
"အ..အစဉ်ပြေပါတယ် အဖွား.. "
"သြ.. မသိပါဘူကွယ် အိုက်ဆောင် လေးတောင် ရေခဲချောင်းထွက်ရောင်းခွင့်ပြုတယ်ဆိုတော့ အဆင်မှပြေရဲ့လားလို့..."
"အခုဟာက သားကို ရောင်းချင်လို့ပါ အဖွားရဲ့ အဖေတို့ က အဆင်ပြေပါတယ်.."
"အေးအေး.. တော်ပါ့ကွယ်. တော်ပါ့... နေဦး အဖွားငါ့မြေးတို့အတွက် မုန့်ပေးလိုက်ဦးမယ်.."
အခုမှပင် အိုက်ဆောင် စိတ်အေးသွားတော့သည်။.. ဒီအတိုင်းဆို အဖွားစိန် အိမ်ကိုတိုင်မည့်ပုံမပေါ်ပေ။.. ရေခဲချောင်းပုံတွေ ဖြည့်ပြီး အိုက်ဆောင် တို့ အဖွားစိန်အိမ်က ထွက်လာသောအချိန်တွင် အိုက်ဆောင် တို့လက်ထဲတွင် အဖွားစိန် ဘုရားစင်မှ ချပေးလိုက်သော ကိတ်မုန့်ဘူး အကြီးကြီးတစ်ဘူးပါလာသည်။.. ဒန်းလော့က
"အဖွားစိန်က ငါတို့ ရေခဲချောင်းယူနေတာကြာပြီ.. အခုကျမှ မုန့်ပေးတာ"
"အိုက်ဆောင် ပါလို့နေမှာပေါ့.. ဒီကောင့်ပုံက မုန့်မှ မစားရရင် လဲကျတော့မယ့်ပုံမို့ပေးလိုက်တာ.."
ဝေဖြိုးကပါ မကျေမနပ်ပြောသည်။.. ရာဇာကတော့ ရေခဲပုံးကိုခေါက်ရင် အိုက်ဆောင် လက်ထဲက မုန့်ဘူးကိုသာငေးနေသည်။.. အိုက်ဆောင် လဲ
"မင်းတို့ကလဲ ငါ့တစ်ယောက်ထဲအတွက်မဟုတ်ပါဘူး.. ငါတို့အတူတူစားကြမယ်လေ.."
ထိုစကားကြားမှ ကျန်ကလေးများ၏ မျက်လုံးများ အရောင်လဲ့လာကြသည်။..
"အေးပြီးတာပဲ အဲ့ဒါဆို.."
အိုက်ဆောင် တို့ မန်ပန်ရောက်တော့ ၁၀ နာရီကျော်နေပြီ။.. သို့သော်နှင်းမကွဲချင်သေး။.. အေးလွန်း၍ ဘယ်သူမှ လည်၍မရောင်းချင်ကြသဖြင့် ဈေးနားမှာပင် စုပြုံထိုင်နေကြသည်။.. ဒီအတိုင်းဆို သူတို့ရောင်းရဖို့ လမ်းပင်မမြင်။.. အခုမှ တစ်ယောက်ကိုလေးငါးချောင်း ရောင်းရသေးသည်။.. ရာဇာဆိုလျှင် ငိုက်နေ၍ တစ်ချောင်းမှ မရောင်းရသေး။.. သူဟာသူတော့တစ်ချောင်းယူစားပြီးပြီ။.. ခဏအကြာတွင် ဈေးရှေ့ လမ်းကြားထဲမှ တိုင်းရင်းသား ကလေးလေးတစ်ယောက်ထွက်လာသည်။.. ငါးနှစ်ခန့်သာရှိဦးမည်။.. ဗမာစကားလဲ ပြောတတ်မည့်ပုံမပေါ်ပေ။ သူတို့လေးယောက်ကို တစ်လှည့်စီကြည့်သည်။.. သူဘယ်သူ့ထံမှ ၀ယ်ရမည်ကို ဝေခွဲမရဖြစ်နေပုံရသည်။.. အိုက်ဆောင် တို့တွေလဲ မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်နေကြသည်။.. ပြီးမှ ကလေးက သူနှင့်အနီးဆုံး ဒန်းလော့ ထံမှ ရေခဲချောင်း နှစ်ချောင်းယူသည်။.. သူ့လက်ထဲပါလာသော ပိုက်ဆံကို ရေခဲပုံပေါ်ချပြီး တစ်ဖက်တစ်ချောင်းစီကိုင်ပြီ လှည့်ထွက်သွားသည်။.. ကြည့်လိုက်တော့ ၂၀၀ တန်ကြီး။.. သူတို့တောင် မကိုင်ဖူးပေ။.. ငါးနှစ်သားလေးကတော့ သူတို့ရှေ့ကို ဘတ်ကနဲ ချသွားသည် သူတို့လေးယောက်ကလေးကို အလန့်တကြားပြန်ခေါ်ကြပြီး ရှိသမျှ အကြွေးလေးတွေ အကုန်အမ်းပေး လိုက်ကြသည်။.. သိပ်မကြာလိုက်။.. ထိုလမ်းကြားလေးအတွင်းမှ ကလေးများ တစ်သုတ်ပြီး တစ်သုတ် ထွက်လာပြီး ၀ယ်လိုက်ကြသည်မှာ အိုက်ဆောင် တို့လက်ပင်မလည်။.. နေ့လည်တစ်နာရီကျော် တော့ သူတို့ပါသမျှ ရေခဲချောင်းများ အကုန် မန်ပန်မှ ကလေးများဗိုက်ထဲသို့ ရောက်သွားပြီဖြစ်သည်။..
“ငါတို့ နောက်တစ်ခေါက်ပြန်ယူရအောင်.. ”
ရာဇာ့အပြောကို အားလုံးသဘောကြ သွားကြသည်။..
“အေးငါတို့ ထမင်းစားပြီးရင် ပြန်ယူကြမယ်.. အိုက်ဆောင် ငါတို့ ထမင်းဘူးကို မင်းကို ခွဲကြွေးမယ်.. ပြီးရင် မင်းကိတ်မုန့်ကို အတူတူ စားကြမယ်..”
“အေး.. စားမယ်..”
ထမင်းစားပြီး သူတို့လေးယောက် လိုင်းကားနှင့်ပြန်၍ ရေခဲချောင်းယူကြသည်။.. အံ့သြနေသော အဖွားစိန်ကို ဘာမှ ရှင်းပြမနေတော့။.. ဒါကလေးတွေ ကိစ္စ။.. ရေခဲချောင်းယူပြီးပြီးချင်း ကားဂိတ်သို့ပြန်ပြေးကြသည်။.. ညနေခင်းမှာ မနက်ထက်ပင် ပို၍ရောင်းရသေးသည်။.. ကလေးများတင်မကပဲ လူကြီးများပါလာဝယ်စားကြသည်။.. သူတို့ ဗိုက်တွေ တဂြီဂြီ ဆာနေသည်ကို ရေခဲချောင်းများကုန်၍ ပြန်ခါနီးမှ သတိရကြသည်။.. ညနေစာ အတွက် ဘာမှ ထည့်မလာကြ။..
“အိမ်ပြန်ရောက်မှ စားကြတာပေါ့ကွာ..” ဝေဖြိုးက နှစ်သိမ့်သည်။..
“အေး ဒါဖြင့်ရင် မြန်မြန်ပြန်ရအောင် နောက်ကျရင် ငါ့အမေရိုက်လိမ့်မယ်” အိုက်ဆောင် စိတ်ပူတာက သက်သက်ဖြစ်သည်။.. သို့သော် လောလောဆယ် သူဗိုက်ဆာတာက စိတ်ပူတာထက်ပိုနေသည်။.. လေးယောက်ကားဂိတ်ကို အူယားဖားယား ပြေးကြသည်။.. သို့သော် နောက်ဆုံးကားမှ လွန်ခဲ့သော နာရီဝက်ခန့်ကပင် ထွက်သွားခဲ့လေပြီ။.. အိုက်ဆောင် စိတ်ပျက်လက်ပျက်နှင့်..
“ငါတော့ အသတ်ခံရတော့မှာပဲ..”
“ငါတို့လဲ အိမ်ပြန်မရောက်ရင်တော့ ရိုက်ခံရမှာပဲ.. အိုက်ဆောင် ရ”
“ဒန်းလော့ပြောတာဟုတ်တယ် ငါ့အမားတို့က လျှောက်သွားပြီး ပြန်လာတယ်ထင်တော့မှာပဲ..”
“ငါတို့ဘယ်လိုပြန်ကြမလဲ.. ” ရာဇာက စိတ်ပျက်လက်ပျက်မေးသည်။..
“လမ်းလျှောက်မယ်ကွာ.. ၁၄ မိုင်ပဲရှိတာပဲ..” ဒန်းလော့ကပြောသည်။.. အားလုံးဒန်းလော့ကို တအံ့တသြ ကြည့်ကြသည်။.. သို့သော် သူတို့အားလုံး ဒန်းလော့ပြောတာ လက်ခံမှဖြစ်မည်။.. မဟုတ်လျှင် ပြန်မရောက်နိုင်တော့။.. တဖြည်းဖြည်းနှင့် မှောင်လာပြီဖြစ်သည်။.. သူတို့တွေ ဗိုက်ဟောင်းလောင်းများဖြင့် အပြန်လမ်းကိုစလိုက်ကြသည်။.. နေရောင် လုံးလုံးပျောက်၍ ကြယ်လေးတွေ ဟိုတစ်လုံး ဒီတစ်လုံး မြင်ရချိန်အထိ သူတို့ လမ်းတစ်ဝက်လောက်သာ ကျိုးသေးသည်။.. ခြေထောက်တွေပင်မသယ်ချင်တော့။.. အေးလဲ အေး ဆာလဲဆာ နေကြပြီ။..
“ရေဆာလိုက်တာကွာ.. ” အိုက်ဆောင် ညည်းလိုက်သည်။.. ဝေဖြိုးက လဲ
“အေးကွာ ရေတောင်သောက်စရာမရှိဘူး.. နေဦး.. ရေခဲပုံးတွေထဲမှာ ပျော်နေတဲ့ရေတွေရှိမှာပေါ့..”
အားလုံး ၀မ်းသာအားရ ကိုယ့်ရေခဲပုံကိုယ်ဖွင့်ကြည့်ကြသည်။.. အိုက်ဆောင် က ရေခဲပုံးအဖုံးကိုပြန်ပိတ်ရင်..
“ငါ့ပုံထဲမှာတော့ မရှိတော့ဘူး.. မင်းဆီမှာကော ဒန်းလော့..”
“ငါ့ပုံးထံမှာလဲ စိုစိုလေးပဲရှိတော့တယ်…” ကျန်နှစ်ယောက်ဆီ မျော်လင့်တကြီး လှမ်းကြည့်လိုက်သည်။.. ခေါင်းလေးများသာ ပြန်၍ ရမ်းပြနိုင်ကြသည်။.. အိုက်ဆောင် စိတ်ပျက်စွာ ပြန်ထိုင်လိုက်သည်။..
“လမ်းမှာ ရွာတွေ့ရင်ကောင်းမှာပဲကွာ..”
“ဟာ .. အိုက်ဆောင် .. ဟိုမှာ မီးမီး… မီးရောင်လို့ပြောတာ..” ရာဇာ အလန့်တကြားထအော်သည်။.. တောင်ယာတဲလေး တစ်လုံး။… အိုက်ဆောင် တို့ ယာခင်းကိုဖြစ်၍ တဲလေးဆီပြေးကြသည်။.. တဲအနီးရောက်တော့ အတွင်းမှ တစ်ခုခု လှမ်းအော်သံကြားရသည်။.. ဘာပြောလိုက်မှန်း သူတို့လဲ နားမလည်ကြ။.. ခဏကြာမှ တဲအတွင်းမှ ပအို့ဝ် ရိုးရာဝတ်စုံ ၀တ်ထားသော အဖိုးအို တစ်ဦးထွက်လာသည်။.. ဝေဖြိုးက
“အဘ.. ရေလေးနဲနဲ လောက်သောက်ချင်လို့ပါ..” နားလည်ပုံမပေါ်။.. ဒုက္ခရောက်ပြီ။.. ရာဇာက.. အဖိုးအိုနားသို့ ကပ်သွား ပြီး လက်ခုတ်ကလေးနှင့်ရေသောက်သည့်ပုံ လုပ်ပြသည်။.. အဖိုးအိုနားလည်သွား သည့်ဟန်နှင့် အတွင်းသို့ လက်ယက်၍ ခေါ်လိုက်သည်။.. လေးယောက်သာ တစ်ယောက်လက် တစ်ယောက်ကုတ်ရင်း ၀မ်းသာအားရ လိုက်သွားကြသည်။..
“ဒီလို အ’ အ စကားကျတော့ ရာဇာကြီးက အားကိုရတယ်ဟ.. ထင်ရဘူး..” ဒန်းလော့က လှမ်းနောက်သည်။.. ရာဇာက လက်သီးကို နောက်ပြန် ပြပြီး တဲအတွင်းသို့ ဦးဆောင်၍ ၀င်သွားသည်။.. တဲအတွင်း မီးဖို အရှိန်ဖြင့် နွေးနေသည်။.. မီးဖိုဘေးတွင်မူ ထမင်းအိုး ကို စောင်း၍ ငှဲ့နေသော ပအို့ဝ် အဖွားအို တစ်ဦးရှိသည်။.. ထမင်းအိုးကို မီးဖိုပေါ်ပြန်တင်၍ သူတို့ကို နွေးနွေးထွေးထွေး ပြုံးပြသည်။.. အဖိုးအိုက ဘူးသီးခြောက်ရေဘူးလေးယူလာပြီး ၀ါးဆစ်ခွက်လေးများ အတွင်းသို့ ငှဲ့ပေးသည်။.. ဘူးသီးခြောက်ကော ၀ါးဆစ်ခွက်လေးများပါ မီးဖိုတွင် ကျပ်တင်ထားသောကြောင့် မီးခိုးနဲ့လေးမွှေးနေသည်။.. အိုက်ဆောင် တို့ လေးယောက် ရေသာသောက်နေကြသည်။.. မျက်လုံးက ထမင်းအိုးက မခွာနိုင်ကြ။.. ရေခွက်လေးများပြန်ချပြီ လေးယောက်သား အဖိုးအို အဖွားအိုတို့ကို နုတ်ဆက်လိုက်ကြသည်။.. အဖွားအိုက လက်ကာပြပြီး.. အဖိုးအိုနှင့် စကား ပြောနေကြသည်။.. နောက်မှ သိရသည်မှာ သူတို့ တွေကို ထမင်းကျွေးဖို့ တိုင်ပင်နေကြခြင်းဖြစ်သည်။
နောက်ငါးမိနစ် အကြာတွင် အိုက်ဆောင် တို့ တသိုက် မီးဖိုဘေး မြေကြီးပေါ်တွင် ချထားသော ထမင်းစားပွဲကို ၀ိုင်း၍ ခေါင်းမဖော်တမ်း စားနေကြပြီဖြစ်သည်..။ အိုက်ဆောင် တို့ တစ်သက် ဒီထမင်းဟင်းလောက် ကောင်းသော ထမင်းဟင်းမျိုးမစားခဲ့ဖူး ဟုပင်ခံစားရသည်..။ ထမင်းဝိုင်းမှာ အထူးအထွေဘာမှ မပါပေ..။ ကျက်ခါစ တောင်ယာထမင်း ပူပူ ရယ်..။ လောလောလတ်လေး ကြော်လိုက်သော ငရုပ်သီးအနီတောင့် ရဲရဲ တောက် ကြွတ်ကြွတ်ကြီးတွေ နှင့် ဆားတစ်ခွက်သာ..။
အိုက်ဆောင် တို့ စားပြီးခါမှ ပင် ပအိုဝ့် အဖိုးအို အဖွားအိုတို့ကို သတိရကြသည်..။ အဖိုးအို အဖွားအိုတို့မှာ မီးဖိုဘေးတွင် ရေနွေးကြမ်းတစ်ယောက် တစ်ခွက်စီကိုင်ကာ သူတို့ကို ပြုံး၍ ကြည့်နေကြသည်..။ အိုက်ဆောင် တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်..။ အဖိုးအို အဖွားအိုတို့ကို တင်ရှိသော သူတို့ ကျေးဇူးကို ဘယ်လိုဖေါ်ပြရမှန်း မသိကြ..။ နောက်ဆုံး အားလုံးတစ်ညီတစ်ညာထဲ အိတ်ထဲမှ ရေခဲချောင်းရောင်းရလာသော အကြွေအားလုံး ကိုယ်စီကိုယ်စီ ထုတ်၍ အဖိုးအို အဖွားအိုတို့ ကို ကန်တော့ဖို့လုပ်ကြသည်..။ အဖိုးအို တို့မှာ သူတို့ ကလေးတွေကို သဘောကျ၍ တပြုံးပြုံး ခေါင်းကလေးတွေ သပ်ကာ သူတို့ ဘာသာစကားဖြင့် ဆုပေးနေကြဟန်တူသည်..။ သူတို့ ကန်တော့ သော အကြွေလေးတွေကိုလဲ လက်မခံပဲ သူတို့ လွယ်အိတ်များအတွင်းသို့ ပြန်ထည့်ပေးကြသည်..။ ထို့နောက် သူတို့ လက်ကိုဆွဲ၍ ခြံဝအထိလိုက်ပို့ပေးကြသည်..။ အိုက်ဆောင် တို့တသက်ဒီထမင်းဝိုင်းကို ဘယ်တော့မှ မေ့တော့မည်မဟုတ်မှန်း ကိုယ်စီကိုယ်စီ ခံစားလိုက်ကြရသည်..။ ခေါင်းပေါ်မှ ထွက်ပေါ်လာသော လမင်းကြီးနှင့် အပြိုင် အဖိုးအို အဖွားအိုတို့ မျက်နှာတို့ ၀င်းပနေကြသည်..။ ထို့နောက်တွက်ကား အိုက်ဆောင် တို့ကလေးလေးယောက် မန်ပန် ကားလမ်းအတိုင်း သီချင်းတကျော်ကျော် အော်ဆိုပြီး ပြန်ခဲ့ကြလေတော့သည်..။

အိုက်ဆောင် အဲ့ဒီထမင်းဝိုင်းကို မမေ့ခဲ့ပါဘူး
ပြန်မတွေ့တော့ပေမယ့် ဒန်းလော့ တို့ ရာဇာတို့ ဝေဖြိုးတို့လဲ မေ့နိုင်ကြမည်မဟုတ်မှန် အိုက်ဆောင် သေခြာခံစားသိနိုင်ပါသည်..။

Saturday, February 19, 2011

ကြယ်ကြွေချိန် သို့ သက်ပြင်းချတောင်းဆု

ငါ..
မင်းအတွက် အရာရာ ဖြစ်ပါရစေ..

လင်းလိုက်မှောင်လိုက် မီးအိမ်တစ်ခုနဲ့ ငါ့ဘ၀လမ်း
ငါစမ်းပြီပဲဖြစ်ဖြစ် လျှောက်ပါရစေ..
တစ်ခါတစ်ရံ ရတတ်တဲ့
မျှော်လင့်ချက်ရောင်ခြည် တစ်ပွင့်လောက်လေးနဲ့
ငါ နွေးထွေးပါရစေ..

ကြယ်စင်ရေ..
မဖြစ်နိုင်မှန်းသိရက်နဲ့
မင်းရဲ့ အလင်းတွေ အကုန်လုံး
ငါပိုင်ဆိုင်ခွင့်ရဖို့
တောင်းဆိုပါရစေ..

ဖြစ်နိုင်ရင်
မင်းအတွက် အရာရာ ဖြစ်ပါရစေ..

Thursday, February 17, 2011

ကျည်တစ်တောင့်၏ အိပ်မက် (၈)

စနေ မျက်လုံးအ၀ိုင်းသားနှင့် မြငိမြင်ရာလိုက်ကြည့်နေသည်..။ ဟောင်ကောင်ဆိုတာ ဒါလား...။ တစ်ခါမှ မရောက်ဖူးသောစနေအဖို့ အရာရာသည် အသစ်အဆန်းချည်းသာ..။
"ဇွဲ..မိုက်တယ်နော်.. ဟောင်ကောင်က"
"အေး မင်းတို့တောသားတွေအတွက်တော့ ဟုတ်တာပေါ့ကွာ.. ငါတို့အတွက်ကတော့ရိုးနေပါပြီ.."
"ဘာ.. မင်းကရောက်ဖူးလို့လား.."
"သုံးနှစ်သားတုန်းက ရောက်တယ်လို့ အမေကပြောဖူးတာပဲ.. ဟီး.."
"နွား.." စနေ အားရပါးရဆဲလိုက်သည်...။
သူတို့သင်္ဘော Victoria ဆိပ်ကမ်းကိုကပ်တော့ ညပိုင်းရောက်နေပြီ..။ စနေတို့စိတိထဲ မှာတော့ ကမ္ဘာအရှေ့ဘက်သို့ ခရီးထွက်လာကြသူများပီပီ အစောကြီးရှိနေသလို ဖြစ်နေသည်..။ တကယ်တော့ ဟောင်ကောင်တွင် ကိုးနာရီကျော်ပြီ..။ သို့သော်ဟောင်ကောင်၏ညက ညနှင့်ပင်မတူချေ..။ တွေ့မြင်ရသော လူများက အိမ်များတွင်လူပင်ရှိပါဦးမလား ထင်စရာပင်..။
"ကောင်လေးတွေ.." ဂျွန်က စနေနှင့်ဇွဲကို နောက်မှလှမ်း၍ ခေါ်လိုက်သည်..။
"အန်ကယ်ဂျွန်.." တကယ်တမ်းခွဲရတော့မည်ဆိုတော့ စနေရောဇွဲပါစိတ်မကောင်းကြပေ..။ ခြောက်လကျေိာကျော် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးတွင် အတူနေခဲ့ရသော လူလေးလက်တစ်ဆုပ်စာကို သံယောဇဉ်ဖြစ်မိသည်..။ သို့သော် တွေ့ဆုံလာပြီးလျှင် ခွဲကြရမည်မှာ ဓမ္မတာပင်..။
"ရော့.. မင်းတို့အတွက်.."ဟုဆိုကာ ဂျွန်က ဇွဲတို့နှစ်ယောက်ကို အထုပ်လေးတစ်ထုပ်စီပေးသည်..။
"စနေ.. ငါမင်းကိုပေးတဲ့ဘူးထဲမှာ.. ငါအကြိုက်ဆုံးဓါးမြောင်တစ်လက်ရယ်.. ဟောင်ကောင်မှာဆက်သွယ်ရမယ့် လူတစ်ယောက်ရဲ့ လိပ်စာရယ်.. မင်းအိတ်ကပ်ထဲ အမြဲထည့်ထားတဲ့ ကျည်တစ်တောင့်အတွက်.. သင့်တော်မယ့် သေနတ်လေးတစ်လက်ရယ်.. 9mm Beretta ဆိုရင်သဘောကျမလား.."
"ဟာ.. ကျတာပေါ့ အန်ကယ်ရယ်.."
အန်ကယ်ဂျွန်ကဆက်ပြီး..။
"ဇွဲ.. မင်းကိုတော့ ဟိုကောင့်လို အမျိုးမျိုးမပေးတော့ဘူး တစ်မျိုးပဲ.."
"ဟာ.. အန်ကယ်ကလဲ.. ကျွန်တော့ကျတော့.."
"ဟ.. မင်းကမင်းလိုအပ်တာမှန်သမျှ ကိုယ်တိုင်ထွင်ပြီးတော့ လုပ်လို့ရတယ်.. မင်းအဓိကလိုအပ်တာ အဲ့ဒါတွေထွင်ဖို့ ငွေပဲမလား.. အများကြီးတော့ မဟုတ်ဘူးပေါ့ကွာ.. ငါစုထားတဲ့ငွေ.. ၁၀၀၀၀ လောက်ဆိုရင် မင်းအတွက်အထောက်အကူဖြစ်မှာပါ.."
ဇွဲစိတ်မကောင်းဖြစ်သွားသည်..။ အန်ကယ်ဂျွန် သူတို့ကိုဒီလောက် ဂရုစိုက်မည်မထင်ခဲ့..။
"အန်ကယ်.. ကျွန်တော်အာသာကြီးကို ဆုံးမပြီးရင်.. အန်ကယ်နဲ့ သင်္ဘောပေါ်ပြန်လိုက်မယ်ဗျာ.."
"ဟားဟားဟား.. ဘာမင်းက.. ငါးမကြိုက်တဲ့ကောင်က သင်္ဘောသားလုပ်မယ်ဟုတ်လား.."
"အစားအသောက်က အရေးမကြီးပါဘူးဗျာ.. ကျွန်တော့်မှာ မိသားစုဆိုလို့ စနေ့ အန်ကယ်ပဲရှိတာ"
"အေးအေး.. လာခဲ့ လာခဲ့ ..ဒါပေမဲ့ ဟောင်ကောင်သူလေးတွေတော့ခေါ်မလာနဲ့နော်.. ဟားဟားဟား.."
တဖြည်းဖြည်းဝေးပြီးကျန်ခဲ့သော အန်ကယ်ဂျွန်၏ ရယ်သံများက အသက်မပါမှန်း သူတို့နှစ်ယောက်စလုံး သိပါသည်..။ အန်ကယ်ဂျွန် တကယ်ပျော်လျှင်ရယ်သော အသံကို သူတို့ခြောက်လလုံးလုံး ကြားဖူးခဲ့ကြပြီးပြီ မဟုတ်ပါလား..။
----------------------------xxxxxxxxxxxxxxxxxxxxxxxx-----------------------------
ဆူးထိုင်ဖုံပေါ်သို့ ဒူးလေးတုတ်ပြီးထိုင်လိုက်သည်..။ ရှေ့က ဆူရှီးပန်းကန်ထဲသို့ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေမိသည်..။ မျက်နှာချင်းဆိုင်မှ ချမ်းက..
" ဟိတ်.. စားလေ.. ဘာလုပ်နေတာလဲ.."
" ဟင်... အင်း.. "
ဆူးစိတ်မပါတပါ ပြန်ပြောသည်..။ '၀င်ခွင့်ပြုပါရှင်' ဟု အဓိပ္ပါယ်ရသော ဂျပန်စကားသံနှင့်အတူ စက္ကူတံခါးကို ဆွဲဖွင့်လိုက်သော ဂျပန်ဝတ်စုံနှင့် ဟောင်ကောင်သူလေးတစ်ယောက် ဆာတေးအိုးလေးကိုင်ပြီး ၀င်လာသည်..။ ခွက်သေးသေးလေးနှစ်ခွက်ကို ချမ်းရှေ့တစ်ခွက် ဆူးရှေ့တစ်ခွက် ချပေးပြီး ငှဲ့ပေးမည်အပြု ချမ်းက လက်ကာပြပြီး ပြန်လွှတ်လိုက်သည်..။ သူစကားကို နှစ်ယောက်ထဲပြောချင်သည်..။ ဤဆိုင်သို့ ရွေးလာခြင်းမှာလဲ စကားအေးအေးဆေးဆေး ပြောလို့ရခြင်းကြောင့်ဖြစ်သည်..။ ချောင်ကျသော ဤဆိုင်လေးသို့လာသူအများစုမှာ ဟောင်ကောင်ဖွား ဂျပန်များ၊ ကမ္ဘာလှည့်ခရီးသည်များနှင့် တရုတ်အနည်းငယ်တို့ ဖြစ်သည်..။ ကမ္ဘာလှည့်ခရီးသည်များ အဖို့ သူတို့ပြောသည့် စကားကို ကြားသွားလဲ ကိစ္စမရှိ..။ ဟောင်ကောင်ဖွား ဂျပန်များ နှင့် တရုတ်အနည်းငယ်တို့ကလဲ သူတို့ပြောသောအင်္ဂလိပ်စကားကို ရေရေလည်လည် နားမလည်နိုင်ကြပေ..။ ဟောင်ကောင်မှာ ၁၉၉၇ မတိုင်မှီက အင်္ဂလန်နိုင်ငံ၏ လက်အောက်ခံ ကိုလိုနီတစ်ခုဖြစ်ပြီ ရုံးသုံးစာကို အင်္ဂလိပ်စာဟု သတ်မှတ်ခဲ့သော်လည်း အရပ်သုံးစကားမှာမူ တရုတ်စကားနှင့် မလေးစကားတို့သာ အဓိကဖြစ်သည်..။ ချမ်းနှင့်ဆူးတို့ အခုအချိန်အထိ စကားမစဖြစ်သေး..။
"ချမ်း.. ငါ့ကိုပြောမယ်ဆိုတာ ဘာလဲ.."
ဆူးကစိတ်မရှည်သလို မေးသည်..။ ချမ်းကမျက်မှောင်တစ်ချက် ကုတ်ပြီ စားပွဲကို ငုံကြည့်လျှက်
"ငါတို့ အာသာကိုတိုက်ခိုက် ဖို့ Plan ဆွဲမှရတော့မယ်ဆူး"
ဆူးကစိတ်ဝင်တစားနှငိ့
"နင့်မှာ အကြံရှိလို့လား ချမ်း.."
"အေး..ဒါပေမဲ့ နင်နဲ့ တိုင်ပင်ဦးမှာပါ.."
"ပြောကြည့်လေ.."
----------------------------xxxxxxxxxxxxxxxxxxxxxxxx-----------------------------
"ငါတို့ ဘာစလုပ်မလဲစနေ.. " ဇွဲကမေးသည်..။
"ငါကတော့ အန်ကယ်ဂျွန်ပေးတဲ့လိပ်စာကို အရင်သွားချင်တယ်.. ငါတို့ရဲ့ တစ်မျှင်ထဲသော ကြိုးစက အဲ့ဒါပဲ.."
ဇွဲက စနေ့ထဲမှ လိပ်စာရေးထားသော စာရွက်လေးကိုလှမ်းယူပြီး..
"Aberdeen ဆိပ်ကမ်း လှေအိမ်ပေါ်က Snake ဆိုပဲ.. လိပ်စာကတိကျလှချည်လား.. အန်ကယ်ဂျွန်က နောက်တာတော့ မဖြစ်နိုင်ပါဘူး..နော်"
"ဒီလိုပဲမေးသွားရမှာပေါ့ လှေအိမ်နံပါတ်တို့ နာမည်တို့မပါဘူးလား.."
"EZ.393 တဲ့..ဘာလဲတော့မသိဘူး.."
"အဲ့ဒီနဲပါတ်ကိုတွေ့ရင်.. ပြီးပြီပေါ့ဇွဲရ.."
"ဟ.. ငတုံးရ အဲ့ဒီလောက်မလွယ်လို့ပြောနေတာပေါ့.."
"ဘာလို့"
စနေကနားမလည်စွာပြန်မေးသည်..။
"Aberdeen က တံငါသည်တွေနေတဲ့နေရာ လှေပေါ်မှာနေကြတဲ့ အိမ်တွေချည်းပဲကို ထောင်နဲ့ ချီတယ်. ဒါတောင် ရေပေါ်စားသောက်ဆိုင်တွေ မပါသေးဘူး"
"လာပါကွာ.. မရှာလို့မှမရပဲ.."
စနေတို့နှစ်ယောက်နေစရာ စားစရာ မရှာသေးပဲ Aberdeen ဆိပ်ကမ်းသို့ပြေးကြသည်..။ တစ်လှေပြီးတစ်လှေ ကူးကာရှာကြသည်..။ လှေအဆင်း မြင်းအတက်ဆိုသည့်စကားတောင် စိတ်နာချင်သလိုရှိလာသည်..။ တွေ့မဲ့တွေ့တော့ နောက်ဆုံး အစွန်ဆုံးလှေ..။ သူ့ဟိုဘက်ဆက်သွားလျှင် ရေထဲပဲရှိတော့သည်..။ EZ.393..။ လှေဦးတွင် တုန်ချိချိဘိုးကြီးတစ်ဦး မီးဖိုလေးတစ်ဖိုနှင့် ငါးကင်နေသည်..။ ဇွဲကလှမ်း၍
"Snake နဲ့ တွေချင်လို့ပါ အန်းကုန်း(အဘိုး)"
"ဟင်းဟင်းဟင်း.."
အဘိုးကြီးက မျက်လုံးလှန်ကြည့်ပြီး.ရယ်သည်..။ သူမျက်လုံးတွေက အရွယ်နှင့်မလိုက်အောင် တောက်ပနေသည်ဟုထင်ရသည်..။ မီးဖိုကြောင့်ထင်ပါရဲ့..။
"အဘိုးဟုတ်လား.. ဟင်းဟင်းဟင်း"
"ခင်ဗျာ..."
စနေတို့နှစ်ယောက်စလုံးကြောင်သွားသည်..။ ဒီအဘိုးကြီးသူ့ကို အဘိုးလို့ခေါ်တာကြိုက်ပုံမရ..။ ဇွဲက စကားကိုပြင်၍
"ကျွန်တော် အန်ကယ်လို့ခေါ်တာပါ.. တရုတ်စကားမတတ်လို့ပါ .. စိတ်မရှိပါနဲ့ခင်ဗျာ.."
အဘိုးကြီးကတစ်ချက်ပြုံးပြီး အထဲဝင်သွားသည်..။ ဇွဲနှင့်စနေတို့ အပြင်မှာပဲ ယောင်လည်ယောင်လည်နှင့် ကျန်ခဲ့သည်..။ ခဏအကြာ တွင် လူငယ်တစ်ဦး လှေဝမ်းထဲမှ တက်လာသည်..။ စနေတို့ နှင့် မတိမ်းမယိမ်း ဖြစ်သည်..။ အလွန်ဆုံးကြီးလှ နှစ်နှစ် သုံးနှစ်ပေါ့..။ စုတ်ပြတ်နေသော လှေအိမ်အတွင်းမှ ထွက်လာသော်လည်း သူက Suit အပြည့်အစုံ ၀တ်ထားသည်..။ သူကပင်စ၍..
"အလုပ်ကိစ္စနဲ့ ထင်တယ်.. ငါက အလုပ်ကိစ္စဆို ဒီမှာမပြောဘူး..မင်းတို့မသိပုံထောက်ရင်.. ဟောင်ကောင်ကမဟုတ်ဘူးထင်တယ်.."
"ကျွန်တော်တို့ကို Blue Maria သင်္ဘောကပ္ပတိန် မစ္စတာဂျွန်နီင်္လွှတ်လိုက်တာပါ.."
"ဘာ ဂျွန် လွတ်လိုက်တာ..ဟုတ်လား... ပြပါဦး အထောက်အထား.."
စနေခေါင်းကြီးသွားသည်..။ အန်ကယ်ဂျွန် ကဘာမှ မမှာလိုက်ပေ..။ သူအသဲအသန်စဉ်းစားသည်..။ 'ဓါးမြောင်..ဟုတ်ပြီ..' စနေဓါးမြောင် ကို ထုတ်ပြလိုက်သည်..။ Snake က မြင်မြင်ချင်း..
"ဒါ ဂျွန့် ဓါးမြောင်ပဲ.. ကဲ ပြောကိစ္စ"
"အတိုခြုံးပြောရရင်.. ကျွန်တော်တို့ အာသာရွန်ဝယ်လီဆိုတဲ့လူကို ပြန်ပြီးပညာပေးချင်လို့ပဲ.."
"ဟိုးဟိုး..ဒီလောက်ဆိုရပြီး.. ငါလက်ခံတယ်.. တစ်ချက်က ဂျွန်လွှတ်လိုက်တဲ့ သူတွေမို့.. မဟုတ်ရင်မင်းတို့ငါနဲ့ ဈေးစကားပြောတာတင် မိုးလင်းသွားမယ်.. နောက်တစ်ချက်က အာသာ ဆိုရင်.. အလကားလုပ်ပေးမယ်.. ငါတစ်ယောက်ထဲဖြစ်နေတာနဲ့ အတော်ပဲ..ငါတို့ အေးအေးဆေးဆေး တစ်နေရာသွားပြီးစကားပြောတာပေါ့.. ငါလဲဘာမှမစားရသေးဘူး.. ဒီမှာကတစ်ယောက်ထဲနေတာဆိုတော့ ဖြစ်သလိုပဲဟေ့.."
"ဗျာ.."စနေ ထ၍
"ခုဏက အဘိုးကြီးတစ်ယောက်တွေ့ပါတယ်.."
ထိုအခါ. Snake က အဘိုးကြီးတစ်ယောက်အသံမျိုးဖြင့်...
"ငါ့ကို အဘိုးကြီးလို့ခေါ်တယ်..ဟုတ်လား... ဟင်းဟင်းဟင်း."
"သြ.. ခင်ဗျားက အဲ့ဒီ အဘိုးကြီးပဲကို.." ဇွဲက တအံ့တသြဆိုသည်..။
"ဟုတ်ပ့ါ.. ငါက လိမ်ရမယ်လှည့်ရမယ်.. ဆို အကုန်လုပ်တယ်..ကဲပါ...လာ.. လိုက်ခဲ့.."
Snake က ဇွဲနှင့် စနေကို ဆိုင်တစ်ဆိုင်သို့ခေါ်သွားသည်..။ ဂျပန်ဆိုင်လေး..။ သီးသန့်ခန်းလေးတွေကိုယ်စီနှင့် တိတ်ဆိပ်ငြိမ်သက်နေသည်..။ နောက်ကွယ်မှ ဂျပန်ရိုးရာ ဗျတ်စောင်းတေးတစ်ပုဒ်ကို တိုးတိုးလေးဖွင့်ထားသည်...။ Snake က သူထိုင်နေကျ အခန်းတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်..။ ထိုအခန်း၏ ကပ်ရက်အခန်းတွင်တော့ ချမ်းနှင့်ဆူးတို့နှစ်ယောက် အာသာ့ကိစ္စကို အကြီးအကျယ် ဆွေးနွေးနေကြသည်..။ ထိုင်ထိုင်ချင်း .....

ကျည်တစ်တောင့်၏ အိပ်မက် (၇)

"ဒါ..ဒါ"
"ဝေး"
ဒါ ပို့ထ်စအိ စ် မြို့ဖြစ်သည်..။ ဆူးအက်တူးမြောင်း၏ အ၀င်ဝဖြစ်သလို မက်ဒီတာရေးနီးယန်းပင်လယ်၏ ဆိပ်ကမ်းတစ်ခုလဲဖြစ်သည်..။ ဒီမြို့အား မန်ဇီလာ ရေကန်ကြီးနှင့် မက်ဒီတာရေးနီးယန်းပင်လယ် ကြားရှိ သဲမြေပေါ်တွင်တည်ထားခြင်းဖြစ်သည်..။ အီဂျစ်နိုင်ငံတောင်ဘက်ပိုင်း၏ ၀ါဂွမ်းနှင့်ဆန်တို့အဓိကတင်ပို့ရာ ဆိပ်ကမ်းကြီးတစ်ခုဖြစ်သည်..။ အပန်းဖြေစခန်းတစ်ခုလဲဖြစ်သော ပို့ထ်စအိ စ် မြို့သည် စနေတို့လို တူးမြောင်းဖြတ်ကြမည့် သင်္ဘောများအတွက်တော့ လောင်စာဖြည့်တင်းရာ နေရာတစ်ခုဖြစ်လာခဲ့သည်..။ ဆူးအက်တူးမြောင်းနှင့်အတူပေါက်ဖွားလာသော ပို့ထ်စအိ စ်မြို့၏ အလှသည် မနက်ခင်းနေရောင်အောက်တွင် လှပစွာတောက်ပနေသည်..။ ဒီဆိပ်ကမ်းမှာတော့ သူတို့သင်္ဘောအတွက် လောင်စာဖြည့်ဖို့ရိက္ခာဖြည့်ဖို့ ကလွဲပြီး တစ်ခြား လုပ်စရာမရှိ..။ ဘာပဲဖြစ်ဖြစ် သူတို့ကုန်းပေါ်တက်ဖို့ အချိန်ရှိသေးသည်..။ ဇွဲ ဆိုလျှင်ပျော်လွန်း၍ လူးလှိမ့်နေသည်..။ ၀မ်းသာမည်ဆိုလဲ ၀မ်းသာစရာပင်..။ သူလုံးဝ မကြိုက်သော ငါးတွေ ငါးခြောက်နှင့် ၆လလုံးလုံး နပန်းလုံးလာခဲ့ရပြီး အခုမှကုန်းပေါ်ပြန်တက်ရမည်ဖြစ်သည်..။ ဇွဲအဖြစ်ကို စနေကိုယ်ချင်းစာသည်..။ သို့သော် သူကိုစချင်၍...
"ဟေ့ကောင်. ဇွဲ ..မင်းအခုမှပျော်နေလဲ အလကားပဲ ..ငါးခြောက်တွေချည်းစားပြီး.. ငါးကျည်းခြောက်ရုပ် ပေါက်နေတဲ့ ကိစ္စကတော့ ပြင်မရတော့ဘူး သိလား..ဟားဟား.."
"စနေ..ငါမင်းတို့ သင်္ဘောပေါ်ရောက်မှဒီလိုဖြစ်တာကွသိလား.. ဆားငံရေတွေ..ဆားငွေ့ပါတဲ့လေတွေနဲ့ ချည်းတွေ့နေလို့ မဲသွားတာ"
"သြအေး.. အစက အညိုရင့်လေးပဲရှိတာ ..အခုမှမဲသွားတာ..ဟုတ်ပါတယ်..ဟုတ်ပါတယ်..ဟားဟား.."
ဇွဲက ပတ်ပြေးနေသော စနေ့ကိုလိုက်ထိုးသည်..။ အတော်ကြာမှ သတိရပြီး..
"ဟိုကောင်..စနေ..မြန်မြန်ရေသွားချိုး.. ငါတို့ကုန်းပေါ်တက်ရအောင်.."
"အေးအေး.. မင်းကတော့ မချိုးပါနဲ့တော့ ..မထူးတော့ဘူးလေ...ဟားဟား.."
ဇွဲစနေကိုတစ်ချက်လှမ်းဆဲလိုက်သည်..။ နောက် ၄၅ မိနစ် အကြာတွင်တော့ စနေတို့သင်္ဘောသီးနှစ်လုံး (အဲ.. ) သင်္ဘောသားနှစ်ယောက် ကိုလန်ဘတ်ကြီး အမေရိကတိုက်ကို တွေ့တုန်းကလို ခြေလှမ်းမျိုးဖြင့် ကုန်းပေါ်တက်လာကြသည်..။ ဟိုဟာ စားရမလို..ဒီဟာစားရမလိုဖြင့် လျှောက်ကြည့်ရင်း ဆိပ်ကမ်းဟိုဘက်ထိပ် ဒီဘက်ထိပ်လဲကုန်ပြီ..။
"မြန်မြန်ရွေးကွာ.. ဆိုင်တစ်ဆိုင်.. "
စနေစိတ်မရှည်သလိုပြောလာသည်..။ ထိုအခါမှ ဇွဲက
"ဒါဆိုလဲ.. ဟို Al Ahmar ဆိုတဲ့ဆိုင်ပဲသွားမယ်.. ရှေ့မှာလဲစားပွဲတွေရှိ..."
ဇွဲစကားက တစ်ပိုင်းတစ်စဖြင့်ရပ်သွားသည်..။ စနေ ဇွဲကြည့်ရာနေရာကို လိုက်ကြည်လိုက်တော့..။ ဆိုင်ရှေ့ သတင်းစာ ရောင်းသည့်စင်ပေါ်ရှိသတင်းစာတစ်စောင်၏ မျက်နှာဖုံးပေါ်တွင် မိန့်မိန့်ကြီးပြုံးနေသော.. အာသာ့မျက်နှာကြီး ကိုလှမ်းတွေ့ရသည်..။ စနေ ဇွဲကိုလက်လှမ်းတို့လိုက်သည်..။ မျက်လုံးကြီး ပြူးပြီးလက်ညှိုးထိုးနေသော ဇွဲထဲမှ အသံတစ်သံပဲထွက်လာသည်..။
"အင်း"
စနေ စင်ပေါ်မှ သတင်းစာတစ်စောင် ဖြတ်ခနဲဆွဲယူပြီး.. ဘေးရှိပုံးထဲသို့.. ပဲနိ စေ့ ၄၊ ၅စေ့ခန့် ကို မရေတွက်တော့ပဲပြစ်ထည့်လိုက်သည်..။ပြီးပြီးချင်း ဇွဲကိုဆွဲကာ.. သင်္ဘောစီသို့ ပြန်လှည့်လာကြသည်..။
"ငါတို့ အန်ကယ်ဂျွန် နဲ့ တွေ့မှဖြစ်မယ်.."
သူတို့ ဆာလောင်နေသည့် ကိစ္စကိုလဲ သတိမရတော့..။ လေးငါးလ မမြင်ခဲ့ရသော မိန်းမချောလေးများ၏ စိတ်ဝင်တစားအကြည့်များကိုလဲ.. သတိမထားမိတော့..။ သူတို့နှစ်ယောက်စောင့်နေခဲ့သော အချိန် ရောက်လာခဲ့ပြီဖြစ်သည်..။
"အန်ကယ်ဂျွန်..အန်ကယ်ဂျွန်.."
တကြော်ကြော်အော်ခေါ်ရင်း သင်္ဘောပေါ်သို့ပြေးတက်သွားကြသည်..။ ဆမ်က သင်္ဘောဦးတွင်ထိုင်နေရာမှ လှည့်ပြီး..
"ကောင်လေးတွေ.. မြန်လှချည်လား ပြန်လာတာ.. ဂျွန်..ဆိပ်ကမ်းတာဝန်ခံနဲ့ သွားတွေ့တယ်.."
စနေ နှင့်ဇွဲ ကုန်းဘတ်ပေါ်တွင်ထိုင်ချလိုက်သည်..။ အခုထိ သတင်းစာကိုကောင်းကောင်းမဖတ်ရသေး..။ သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ထိုသတင်းအား ဖင်ပြန်ခေါင်းပြန် ဖတ်ကြတော့သည်..။
"ငါတို့ ဘ၀တွေသာ.. ကွပ်လပ်တွေ အပြည့်နဲ့ဖြစ်နေတာ ဒင်းကတော့ ပြည့်စုံလွန်းလို့.. ဟိုဘက်တောင်လွန်နေသေးတယ်..စနေရာ.."
ဇွဲအံကိုကြိတ်ရင်းပြောသည်..။ အေးအေးနေတတ်သော ဇွဲ၏ဒေါသကို စနေပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်..။ သူတို့နှစ်ယောက် ထိုသတင်းစာထဲမှ ရသမျှအချက်အလက်တွေ ညှစ်ထုတ်ကြည့်ကြသည်..။ HongKong Future အာမခံကုမ္မဏီ၊ Green Wave ရေကြောင်းပို့ဆောင်ရေး ကုမ္မဏီ၊ Willing Pieces ဆေးဝါးကုမ္မဏီ..။ ဒါတွေအားလုံး နောက်ကွယ်မှာ အခြားအခြားသော လုပ်ငန်းတွေရှိဦးမည်ဆိုသည်ကို သူတို့နှစ်ဦးလုံး တွေးကြည့်လို့ရသည်..။ No.23S, ကိန်းလမ်း, ဟောင်ကောင်ကျွန်းဘက်တွင် အိမ်တစ်လုံး၊ No.3, ၀ါးတားလူးလမ်း, ကောင်းလွန်းဘက်တွင် အိမ်တစ်လုံး..။ ဒီနေရာတွေအပြင် လူမသိသူမသိ နေရာတွေရှိနေဦးမည်မှာလည်း ပြောဖို့ပင်မလိုချေ..။ သူတို့လုပ်စရာရှိတာအားလုံးကတော့ ဟောင်ကောင်မြေပေါ်သို့ အမြန်ဆုံးခြေချနိုင်ဖို့ပဲဖြစ်သည်..။ ထိုမြေပေါ်ရောက်မှ အခြေအနေပေါ်ကြည့်ပြီး အစီအစဉ်ဆွဲရမည်..။ အဓိက အခက်အခဲမှာ ဘတ်ဂျတ်ကိစ္စဖြစ်သည်..။ စနေက ငမွဲ..။ ဇွဲကလည်း.. ဟိုပစ္စည်းထွင်.. ဒီပစ္စည်းထွင်နှင့်.. တော်တော်ကုန်နေပြီ..။ ဒီလိုလူကြီးနှင့် တိုက်ခိုက်ဖို့ဆိုလျှင် ဒီလောက်နှင့်မရ..။ ဒီလူကြီး၏ ဓနအင်အား လူအင်အားတို့မှာ.. စနေတို့မှန်းဆနိုင်သည့် အတိုင်းအတာ၏ အပြင်ဘက်တွင်ရှိနေသည်..။ မတတ်နိုင်ပေ..။ ဒီလူကြီးကို ဆုံးမဖို့ အတွက် သူတို့ဟောင်ကောင်မှာ ရှိနေမှဖြစ်မည်..။ ရှိကိုရှိနေမှဖြစ်မည်..။
"တွေ့ကြပြီပေါ့.. အာသာရယ်..."

--------xxxxxxx---------xxxxxxxx--------xxxxxxxx-------

"တောက်"
ကွင်းစ်ဝေးလမ်း. Bank of China ၏ မျက်နှာချင်းဆိုင်တိုက် တစ်လုံးအတွင်းမှာ ဆူး တစ်ယောက် အပြင်းအထန်ပေါက်ကွဲနေသည်..။
"ရှင်တို့တွေကို အလုပ်ခန့်ထားတာ ဘာလုပ်ဖို့လဲ.. ဆိုင်ယမ်ပန်ကုမ္မဏီနဲ့ စာချုပ်ချုပ်ဖို့ ပျက်သွားတာ ကျွန်မတို့ ကုမ္မဏီအတွက် ဘယ်လောက်နစ်နာတယ်ဆိုတာ.. ရှင်တို့ သိကြရဲ့လား.."
Fox သင်္ဘောကုမ္မဏီ၏ ပြည်ပပို့ ကုန်ပစ္စည်းဌာန တာဝန်ခံ ဟတ်ဒလေ နှင့် ဆူး၏ အတွင်းရေးမှူးလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သော ချမ်းတို့နှစ်ဦးစလုံး မျက်နှာမကောင်းကြ..။ ယခုကိစ္စကို သူတို့လည်း နားမလည်နိုင်ကြပေ..။
"ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ဆိုင်ယမ်ပန်ရဲ့ ဥက္ကဌနဲ့ ညစာစားရင်း.. ဆွေးနွေးခဲ့တုန်းက အားလုံးအဆင်ပြေ ပြီးသား.. စာချုပ်ချုပ်ဖို့ပဲကျန်တော့တယ်.. သူတို့ဘက်ကတောင် လိုလိုချငိချင် ကမ်းလှမ်းခဲ့တာ.. အခုစာချုပ်ချုပ်ဖို့ ကိစ္စတစ်ခုထဲကိုရှင် တို့ ဘယ်လိုလုပ်လာကြသလည်း.."
ဟာဒလေက
"ကျွန်တော်လဲ အဲ့ဒါကိုပဲ အံ့သြနေတာပါ.. သူတို့ကုမ္မဏီရဲ့ရှေ့နေနဲ့ ဆက်သွယ်ပြီး စကားပြောပြီးပါပြီ.. ဒါပေမယ့် ကျွန်တော်တို့ ရောက်မှ မချုပ်တော့ပါဘူး စိတ်မကောင်းပါဘူးဆိုတဲ့ အကြောင်းကို သိရတာပါ..ခင်ဗျာ.."
ဆူး မျက်နှာတစ်ခုလုံးနှီရဲလာအောင် ဒေါသထွက်လာပြီး..။
"ရှင်.. သိတာ..ဘ..."
ရုတ်တရက် ချမ်းက၀င်၍..
"ငါတစ်ခု သိထားတယ် ဆူး..ဆိုင်ယမ်ပန် နောက်ထပ်စာချုပ်ချုပ်လိုက်တဲ့ ကုမ္မဏီဟာ အာသာရွန်ဝယ်လီရဲ့ Green Wave ဆိုရင် ဆူး အံ့သြမလား.."
"ဘာ...ချမ်းဘာပြောလိုက်တယ်.."
"ဟုတ်တယ် ဆူး...ဆိုင်ယမ်ပန်ရဲ့ အတွင်းရေးမှူးပြောတဲ့စကားထဲမှာ.. သူတို့ Green Wave နဲ့ စကားပြောပြီးတဲ့နောက်တော့ ငါတို့ကုမ္မဏီနဲ့ စာချုပ်ဖို့မဖြစ်နိုင်တော့ဘူး ဆိုတဲ့ စကားပါလာတယ်... "
ဆူး အံကိုတင်းတင်းကြိတ်လိုက်ပြီး..တစ်လုံးချင်းပြောလိုက်သည်..။
"တွေ့ကြပြီပေါ့ .. အာသာရယ်.."

ကျည်တစ်တောင့်၏ အိပ်မက် (၆)


သူတို့ဆိပ်ကမ်းအရောက်တွင်တော့ မစ္စတာ အာသာ မျက်လုံးပြူးသွားသည်..။ နည်းတဲ့သတင်းထောက်တွေ မဟုတ်..။ ဒီတစ်ခါတော့ ဒီသတင်းထောက်တွေကို ဘယ်လိုမှရှောင်မရတော့ပေ..။ အမေးအမြန်းထူလှသော ထိုသတင်းထောက်များကို အာသာ မကြိုက်..။ ဒင်းတို့တစ်သိုက်ကြောင့် သူဒုက္ခရောက်ပေါင်းများလှပြီ..။ နောက်ဆုံးတစ်ခေါက် ဟောင်ကောင်အခြေဆိုက်ဖြစ်သော CNN သတင်းဋ္ဌာနမှ.. သတင်းထောက် ကလစ်ဖို့ဒ်ဆိုင်မွန်နှင့် စကားများပြီးသည့်နောက်ပိုင်း ဘယ်သတင်းထောက်ကိုမှ သူအတွေ့မခံတော့ပေ..။ တကယ်တမ်းတော့ သူ့လို ဟောင်ကောင်ထိပ်တန်း စီးပွားရေးသမားတစ်ဦးအဖြစ် လူသိများနေသူတစ်ဦးအဖို့ သတင်းထောက်များစိတ်ဝင်စားခြင်း၊ မေးမြန်း အင်တာဗျူးချင်ကြခြင်း တို့ကိုအပြစ်တင်၍မရပေ..။ သူကလဲ ထိုကဲ့သို့ မေးခွန်းကောင်းမျိုးကို အပြစ်တင်ပါ..။ သို့သော် ထို CNN ငနဲကတော့ လွန်လွန်းသည်..။ သူဘယ်လိုချမ်းသာလာလဲမေးသည်..။ သူဘယ်ကလာလဲမေးသည်..။ သူဘာတွေလုပ်နေလဲမေးသည်..။ ထိုမေးခွန်းများအတွက် သူလက်ရုံးများက အဆင်ပြေပြေဖြေနိုင်အောင် ပြင်ဆင်ပေးပြီးဖြစ်ပေမယ့် ဒင်းကရိုးရိုးမေးခြင်းမဟုတ်..။ သူပြောသလောက်နှင့်မကျေနပ်နိုင်ပဲ ထောက်ကွက်ပေါင်းများစွာဖြင့် အမှုစစ်သလို စစ်တော့သည်...။ သူသာ အဖြေမှားခဲ့လျှင် သို့မဟုတ် အမြန်သာမောင်းမထုတ်ခဲ့လျှင် သူဖုံးဖိထားသမျှ နောက်ကြောင်းအကုန် ပေါ်မလားတောင်မသိ..။
ထိုအချိန်မှစ၍ သူကလဲ မီဒီယာသမားဆိုလျှင် အကပ်မခံတော့..။ မီဒီယာသမားတွေကလည်း သူကို ဆက်ဆံရေးမပြေပြစ်သူ တစ်ဦးအဖြစ် အပြစ်မြင်ကြသည်..။ စိတ်ဝင်စားမှုတော့ လျှော့မသွားကြပေ..။ ဒီတစ်ခါတော့ ရှောင်လွဲ၍ မရတော့..။ အာသာ ကားပေါ်မှဆင်းလိုက်သည်..။ ကင်မရာတွေ မိုက်တွေ သူ့နားသို့ တစ်ဟုန်ထိုးပြေးကပ်လာကြသည်..။
---x---x---x---x---x---x---x---
စနေ အိပ်ရာမှနိုးတော့ တော်တော်အံ့သြသွားသည်..။ မနေ့က သူနှင့်ဇွဲတို့နှစ်ဦး ပျင်းရိဖွယ်ကောင်းလှသော မက်ဒီတာရေးနီးယမ်း၏ အဆုံးအစမဲ့ ရေပြင်ကို ထိုင်ငေးရင်း အိပ်ချင်လာသဖြင့် စောစောအိပ်ရာဝင်ခဲ့ကြသည်..။ ဒီနေ့မနက် နိုးတော့ သူနားထဲတွင် ကားသံ လူးသံ စက်ခုတ်မောင်းသံ တွေဆူညံနေသည်..။ အိန္ဒိယကို ရောက်တာလဲမဖြစ်နိုင်.. ။ မက်ဒီတာရေးနီးယမ်းပင်လယ် နှင့် အိန္ဒိယနိုင်ငံမှာ မြေပုံထဲတွင်သာ လက်တစ်ထောက်ဖြစ်သည်..။ အပြင်မှာ တစ်ညထဲနှင့်ဘယ်လိုမှမရောက်နိုင်..။ ပင်လယ်ထဲမှာလည်း သဘောများ ကားဟွန်း တပ်ထားခြင်းမဖြစ်နိုင်ပေ..။ စနေ အလန့်တကြား ဇွဲကိုနှိုးလိုက်သည်..။
"ဇွဲ... ဟေ့ကောင်.. ဇွဲ .. ထဦး..ကြည့်ဦးဟ"
ဇွဲက အိပ်ချင်မူးတူးနှင့် စောင်ကို ခေါင်းမြီးခြုံပြီး တစ်ဖက်သို့လှည့်သွားသည်..။ စနေ စိတ်မရှည်တော့..။ စောင်ကိုဆွဲခွာလိုက်ပြီး..
"အာ..ဒီကောင်နဲ့တော့ .. ထစမ်းပါ.. နားထောင်ကြည့်ဦး.."
ရုတ်တရက် ဇွဲငေါက်ခနဲကောက်ထကာ..
"စနေ... ဘာသံတွေလဲ.. ငါတို့ပင်လယ်ထဲမှာမဟုတ်ဘူးလား.."
"အေး.. ငါမင်းကို နှိုးနေတာကြာလှပြီ.. အဲ့ဒါပြောမလို့.."
စနေနှင့် ဇွဲတို့နှစ်ယောက် ကုန်းဘတ်ပေါ်သို့ အပြေးတက်ကြည့်မိကြသည်..။ ဧရာမ သင်္ဘောကြီးတစ်စီး၏ ၀မ်းဗိုက်က သူတို့မျက်နှာရှေ့ရောက်နေသည်..။ သူတို့ သင်္ဘောလေး က ထိုသင်္ဘောကြီး၏ ဗိုက်တွင်တွယ်ကပ်နေသော သစ်သားစကလေးနှယ်..။ တစ်ဖက်ကိုပြေးကြည့်တော့.. ကားတွေ တစ်ဝီ၀ီသွားလာနေသော ဆိပ်ကမ်းတစ်ခုကိုလှမ်းမြင်ရသည်..။ သူတို့ရှေ့မှာကော နောက်မှပါ သင်္ဘောတွေမှ အပြည့်..။ ဒါဘယ်နေရာလဲ..။ စနေတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်စွာကြည့်မိသည်..။
"ဒါ..ဒါ.."
"ဝေး....."
ဇွဲ ကပျော်ရွှင်စွာအော်၍ ကုန်းဘတ်ပေါ်တွင် လှမ့်နေသည်..။

ကျည်တစ်တောင့်၏ အိပ်မက် (၅)

"လာ.. စနေ ငါမင်းကိုပေးစရာရှိတယ်..။"
ဇွဲက သူ့သေတ္တာကြီးနှစ်လုံးဆီဆွဲခေါ်သွားသည်..။
"ဘာလဲကွာ"
"လာစမ်းပါ.. ငါ့လက်ရာလေးကြွားချင်လို့..."
ဇွဲက သေတ္တာတစ်လုံးအားဖွင့်၍ အတွင်းမှ ခဲရောင်အားကစားဝတ်စုံတစ်စုံ နှင့်အတူ ခဲရောင်ဘူးလေးတစ်ဘူး ထုတ်လာသည်..။
"မင်းအားကစားဝတ်စုံကြီး ငါဘာလုပ်ရမှာလဲ.. ငါကို ဘရုစ်လီ လိုအားကစားဝတ်စုံကြီး ၀တ်ပြီး လျှောက်ချစေချင်လို့လား.."
"No..no" ဇွဲကလက်ကာပြပြီး "နံပါတ်တစ်.. ဒါအားကစားဝတ်စုံမဟုတ်ဘူး.. နံပါတ်နှစ်.. ၀တ်တော့ထားရမယ်.. ဘရုစ်လီနဲ့တော့မတူဘူး.. ဒါကမင်းကို ပိုပြီးသက်တောင့်သက်သာ ဖြစ်အောင်ကူညီပေးမဲ့ဝတ်စုံပဲ.."
"ဘာ ဘယ်လို..."
"ဟဲဟဲ.. စိတ်ဝင်စားသွားပြီ မဟုတ်လား..ဒီလိုကွ ..ငါပြောပြမယ်... ဟဲဟဲ.. ပြောချင်လွန်းလို့ခေါ်လာတာ.. ဒီလို.. ၀တ်စုံက တစ်ခုထဲဆိုရင်တော့ ရိုးရိုးအင်္ကျီပဲ..ဒီဘူးလေးနဲ့တွဲပေးလိုက်မှ.. စူပါဝတ်စုံဖြစ်သွားမယ်.."
စနေက ခဲရောင်ဘူးလေးကို ကောက်ကိုင်ကြည့်ရင်း..
"ဘာစူပါဝတ်စုံတုံး.. အဲ့ဒါကြီးဝတ်ပြီး ငါကပျံလို့ရမှာမို့လား.."
"ဟဲဟဲ.. အဲ့လောက်တော့ဘယ်ဟုတ်မှာလဲ.. တင်စားတာပေါ့.. ပျံရလောက်အောင်တော့.. မစွမ်းဘူး.. ဒါပေမဲ့... မင်းသေနတ်ပစ်သလို.. အာရုံစုစည်းရတဲ့နေရာမျိုးမှာ.. မင်းရဲ့ Emotion ကိုထိမ်းချုပ်ပေးလိမ့်မယ်.. "
"ဟုတ်လို့လား.."
ပြောလို့သာပြောရသည်.. စနေစိတ်တော့ဝင်စားသည်..
"ဒီ box လေးက မင်းရဲ့ နှလုံးခုန်နှုန်းရယ်..မင်းရဲ့ကိုယ်အပူချိန်ရယ်.. အက်ဒရီနယ်လင်ထွက်တဲ့နှုန်းရယ်ကို.. စောင့်ကြည်ပေးလိမ့်မယ်.. ငါတို့စိတ်လှုပ်ရှားလာရင်..မောလာရင်.ဒါမှမဟုတ်.. ကြောက်လာတဲ့အခါမှာ.. နှလုံးခုန်နှုန်းမြန်လာတယ်..နှလုံးခုန်နှုန်းနဲ့ အပူချိန်နဲ့တိုက်ရိုက်အချိုးကျတယ်..ကျောက်ကပ်ရဲ့အပေါ်နားကဂလင်းတစ်ခုက အက်ဒရီနယ်လင်ဆိုတဲ့ဟော်မုန်းတစ်ခုထုတ်ပေးတယ်.. လှုပ်လှုပ်ရှားရှား လုပ်ဖို့ခန္ဓာကိုယ်ကထုတ်ပေးတာပဲ.. ဒါပေမဲ့စိတ်တည်ငြိမ်ဖို့တော့အဟန်အတားပဲ.. "
စနေတအံ့တသြ.. "မင်းဒါတွေလဲသိသလား."
"သိအောင်လုပ်ထားရတာပေါ့...ဟားဗတ်စ်တုန်းက.. ဆေးပညာအတန်းတစ်တန်းမှာ... တစ်နှစ်လောက်ခိုးတက်ဖူးတယ်.. နောက်မှမိသွားလို့မတက်ရတော့တာ..ထားပါဒါတွေ.. ခုဏကဘယ်ရောက်သွားပြီလဲ.."
"စိတ်တည်ငြိမ်ဖို့တော့အဟန်အတားဆိုလားပဲ..ရောက်နေပြီ.."
"သြအေး.. အဲ့ဒီတော့ငါတို့မမောအောင်.. နှလုံးခုန်နှုန်းကိုလျှော့ချရမယ်..ဒါမှမင်းလိုဖိုက်တင်ပလေးရမယ့်သူတွေ..မမောတော့မှာပေါ့.. နောက်ပြီးမပင်ပန်းအောင်.. ငါတို့ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချရမယ်.. ငါတို့ဆောင်းတွင်းလိုမျိုးအေးတဲ့ရာသီမျိုးမှာ.. သိပ်မပင်ပန်းပဲ.. နွေလိုရာသီမှာပင်ပန်းသလိုပေါ့.. ဒီဝတ်စုံနဲ့ဆိုအမြဲတမ်းဆောင်းတွင်းကဲ့သို့.. ဖြစ်နေရပါစေ့မယ်ရှင်..ပေါလေ..ဟဲဟဲ.."
"နောက်တစ်ခု့ရော...အက်ဒရီနယ်လင်ဆိုတာလေ.."
"ပြောပါ့မယ်... ခုနက.. နှစ်ခု..နှလုံးခုန်နှုန်းရယ်.အပူချိန်ရယ်... အပြင်...အက်ဒရီနယ်လင်ကိုပါ ထိမ်းချုပ်လိုက်ရင်.. သွားစမ်းစိတ်မတည်ငြိမ်မှု.. ဘယ်နားက၀င်ချင်သလဲ... အဲ့ဒီတော့အရေးကြုံတဲ့အခါ မင်းမပင်ပန်းတော့ဘူး..မမောတော့ဘူး..စိတ်တည်ငြိမ်မယ်...ကဲ.."
စနေလက်ခံသွားသည်..။ ဇွဲ၏အထောက် အကူက လက်တွေ့အသူံးဝင်နေပြီ..။ ထိုနေ့မှစ၍ စနေတစ်ယောက် ဇွဲ၏၀တ်စုံဖြင့်သာလေ့ကျင့်မှုများ လုပ်တော့သလို.. ဇွဲတစ်ယောက်လဲ.. စနေအတွက်အသုံးဝင်မည့် ပစ္စည်းမျိုးသာ..တည်ထွင်တော့သည်..။
--------------------------------------------------------------------------------------------------
ပစိဖိတ်သမုဒ္ဒရာကြီးအလယ်တွင်.. စနေနှင့်ဇွဲတို့.. စကားပြောနေချိန်တွင်... ဟောင်ကောင်ကျွန်းတစ်နေရာမှာတော့..
"ဆရာထပ်ယူဦးမလားခင်ဗျာ.."
"NO..thanks.. တော်ပြီ..လီ.." ဟောင်ကောင်းကျွန်း၏အကြီးမားဆုံးစီးပွားရေးသမား သူဠေးကြီး အာသာ မနက်စာကိုလက်စသပ်လိုက်သည်..။
"ကျုပ်ဒီနေ့ဘာတွေလုပ်စရာရှိလဲ လီ.."
သူ၏အိမ်တော်ထိမ်းလဲဟုတ်..ညာလက်ရုံးလဲဟုတ်သော..လီကိုလှမ်းမေးလိုက်သည်..။ လီက..အိတ်အတွင်းမှစာအုပ်လေးတစ်အုပ်ကိုထုတ်၍..
"၁၀ နာရီမှ..Victoria ဆိပ်ကမ်းမှာ.. သဘောကုမ္မဏီတစ်ခုဖွင့်ပွဲမှာဖဲကြိုးဖြတ်ပေးရပါမယ်.. ၁၂နာရီမှာ..."
"မင်းကိုလူတွေအများကြီးရှိတဲ့နေရာမျိုးကဖိတ်ရင် လက်မခံပါနဲ့လို့ပြောထားတယ်မဟုတ်လား ..လီ.."
လီတစ်ချက်တုန်သွားသည်.. သူဗလကြီးကိုပင်အားမနာနိုင်ပဲ..ပြာပြာသလဲရှင်းပြလိုက်ရသည်..
"'ဒါ..ဒါ..ဆရာ့သမီးလက်ခံထားတာပါ.. သူရဲ့ဆရာဖွင့်တဲ့ကုမ္မဏီလို့ပြောပါတယ်.. ကုမ္မဏီက.. ဟောင်ကောင်အစိုးရနဲ့လဲကင်းကင်းရှင်ရှင်း ပါပဲ.."
"ဟော်မွန်း..ဟော်မွန်း... ဒီကလေးမလေးနဲ့လဲခက်ပါတယ်.. ကဲကဲဒီတစ်ခုတော့ထားလိုက်.. ကျန်တဲ့လူမှုရေးကိစ္စတွေ.. ဖြတ်လိုက်.. တစ်ခုခုကြည့်ကောင်းအောင် အကြောင်းပြန်လိုက်..နောက်ထပ်လူမှုရေးအခမ်းအနားတွေ.. ဒီရက်ပိုင်းလက်မခံထားနဲ့ဦး.. နောက်ကော"
"နဂါးဖြူ..အဖွဲ့နဲ့ Aberdeen Countary Park မှာ တွေ့ဖို့ရှိပါတယ်..ညနေ ၆နာရီပါ.."
"အေး... ဒါဖြင့် လောလောဆယ်..Victoria ဆိပ်ကမ်းကိုသွားဖို့ပြင်ပါ.."
"ဟုတ်ကဲ့.. ဆရာပြီးရင်သွားဖို့ အသင့်ပါပဲ.."
သူတို့ဆိပ်ကမ်းအရောက်တွင်..

ကျည်တစ်တောင့်၏ အိပ်မက် (၄)

"သူ့နာမည်က...ဇွဲ ...တဲ့"
စနေ သူ့ကိုသေခြာလှမ်းကြည့်လိုက်သည်..။ အသားညိုညို မြန်မာဆန်ဆန် ရုပ်မျိုးဖြစ်ပြီး ငုတ်စိစိနုတိခမ်းမွှေး နှင့် ဘိုသီဘတ်သီနိုင်လှသောဆံပင်က အပေါ်ယံတွေကို ဂရုမစိုက်မှန်းသိသာလှသည်..။ အန်ကယ်ဂျွန်ကဆက်၍..
"သူက ဟားဗတ်စ် ကနေ နာနိုတက္ကနိုလော်ဂျီနဲ့ ဒီဂရီတစ်ခုရထားတယ်... အာသာကြောင့်တစ်ကောင်ကြွက်ဖြစ်သွားတဲ့ သူ့အတွက် သူ့မိဘတွေရဲ့အမွေဆိုလို့ ဒီပညာတွေ သင်ပေးလိုက်နိုင်တာပဲရှိမယ်....ကဲ.ဇွဲ...ဒါကတော့..စနေတဲ့..လှုပ်လှုပ်ရှားရှားနေရာတွေအတွက် တာဝန်ယူလိမ့်မယ်..."
သူလည်းကိုယ်လို တစ်ကောင်ကြွက်တစ်ဦးပါလားဟူသော အသိဖြင့် သူဇွဲကို လှိုက်လှိုက်လှဲလှဲ ပြုံးပြမိသည်..။
"ငါ့နာမည်..စနေ..မင်းပုံကြည့်ရတာ လက်ရုံးရည်ထက် ဦးနှောက်ကိုပိုပြီး အသုံးချတတ်တဲ့ပုံပေါ်တယ်.. မင်းကငါ့ရဲ့ ဦးနှောက်အပိုတစ်စုံပေါ့ကွာ ..ဟုတ်လား"
ဇွဲကခေါင်းငြိမ့်ပြပြီး..
"အေး..ဒါဆိုမင်းက.. မင်းကငါရဲ့ ခြေလက်အပိုတစ်စုံပေါ့.."
"ဟား..ဟားဟား" အန်ကယ်ဂျွန်၏ ရယ်သံကြီးအကြားတွင်.. သူတို့နှစ်ဦး၏ရင်းနှီးမှုက ပိုမို၍နွေးထွေးသွားကြသည်..။
နောက်ရက်များတွင် စနေ၏လေ့ကျင့်ခန်းများကို ဇွဲ စိတ်ဝင်တစားလိုက်ကြည့်တတ်သလို ဇွဲ၏သေတ္တာကြီးနှစ်လုံးထဲမှ ပစ္စည်းအသစ်အဆန်းများသည်လည်း သင်္ဘောပေါ်တွင် ဘာအလုပ်မှမလုပ်ရသဖြင့် ပျင်းရိလျှက်ရှိသော စနေအတွက် စိတ်ဝင်စားစရာတစ်နေရာဖြစ်လာသည်..။ တစ်ခုသောမနက်ခင်း၌ စနေတစ်ယောက် သဘောဦးတွင်ထိုင်၍ လူမည်းကြီးဆမ် ပြင်ဆင်ပေးသော မနက်စာကော်ဖီနှင့် ပေါင်မုန့်ကြမ်းကိုကိုင်ကာ ပင်လယ်ပြင်ကိုငေးကြည့်နေခိုက်..
"စနေ..ငါကိုသေနတ်ပစ်ပြစမ်းပါ.."ကော်ဖီခွက်လေးကိုကာ ကုန်းပတ်ပေါ်တက်လာသော ဇွဲက သူ့ကိုလှမ်းပြောသည်..။
"ဟေ..ငါနေ့တိုင်းပစ်နေတာပဲလေ.."
"မဟုတ်ဘူးလေကွာ..မင်းဘယ်လောက်ကျွမ်းကျင်ပြီလဲဆိုတဲ့ Skill ကိုကြည့်ချင်တာ.."
"သြော် .. ဟုတ်ပြီ.. မင်းက ငါ့ရဲ့ပညာခန်းကိုမြင်ချင်တာကို..ဟားဟား"
ဇွဲကနှာခေါင်းရှုတ်၍
"ဘာမှမပြရသေးဘူး..မြောက်နေပြီ.."
"ကဲ..သွား ..ဆမ့်ဆီမှာ ထမင်းစားခန်းက ကြွေပန်းကန်အကွဲတွေရှိတယ်.. သွားတောင်းခဲ့"
"ဘာလုပ်မလို့လဲ..ဒီကြွေပန်းကန်တွေက..." ဇွဲကမျက်နှာမဲ့လျှက်ပြောသည်.. "ငါ ..သွားယူရမှာ.. ပျင်းတယ်ဟ"
"မင်းပဲကြည့်ချင်တယ်ဆို.. ဇွဲရ..မင်းကကြွေပန်းကန်ကွဲတွေကို ..လေထဲကိုကြိုက်သလိုပစ်.. ငါကသေနတ်နဲ့ မလွတ်တန်းလိုက်ပစ်ပြမယ်.."
"လွဲရင်.."ဇွဲကမယုံသလိုပြန်မေးသည်..။
"တစ်ချက်လွဲရင်..ငါမင်းကိုဒီည နှိပ်ပေးမယ်..လုံးဝမလွဲရင်..မင်းငါ့ကိုနှိပ်ပေးရမယ်.."
စနေ့အလောင်းအစားကို သူစိတ်ဝင်စားသွားပုံရသည်..။ စားဖိုဆောင်ဘက်လှည့်ထွက်သွားသည်..။
"ဟိုကောင်..အခုမပျင်းတော့ဘူးလား" စနေလှမ်းစသည်..
"ပျင်းသေးတာပဲဟေ့..ညကျရင်ဇိမ်ကျကျပျင်းရမှာမို့ ရင်းထားတာ.."
"အေးပါကွာ..မင်းပဲပျင်းရမလား..ငါပဲပျင်းရမလား ကြည့်ကြသေးတာပေါ့..နာမည်ပေးထားတော့ ဇွဲ..တဲ့"
ခဏကြာတော့ ကြွေပန်းကန်တွေပွေ့၍ ပြန်ရောက်လာသည်..။
"ဇွဲများလှချည်လား.. မင်းပန်းကန်တွေက.."
"ဟားဟား ..စနေ..မင်းနဲ့ငါ သဘောတူညီထားတဲ့အထဲမှာ အရေအတွက်မပါဘူးလေ..ကြောက်ရင် အခုပြန်ဖျက်လို့ရသေးတယ်နော်..ဟီးဟီး" ဇွဲက စပ်ဖြီးဖြီးနှင့် ခွပ်သည်..
"မဟုတ်ပါဘူး..ငါက မင်းလက်ညောင်းတာပဲ အဖတ်တင်နေမှာဆိုးလို့ပါ.." စနေကပြန်ပက်သည်..
(စကားချပ်။ ။ဟိုကခွပ်လိုက်.. ဒီကပက်လိုက်နှင့်မို့ ကြက်များဝက်များဟုမထင်စေလိုပါ... လူစင်စစ်များသာတည်း။ စာရေးသူ)
ဇွဲပထမဆုံးအနေဖြင့် ပန်းကန်ကွဲတစ်ချပ်ကို လေပေါ်အားကုန်ပစ်မြောက်လိုက်သည်..ဒိန်းကနဲသေနတ်သံနှင့်အတူ လမ်းတစ်ဝက်မှာတင်ပန်းကန်ကွဲဖွာထွက်သွားသည်.. နောက်တစ်ချက်.. နောက်တစ်ချက်..ပန်းကန်တွေသာတဖြည်းဖြည်းလျှော့လာသည်..စနေမလွဲသေး။
"ရော့..ဒီတစ်ခါနှစ်ချပ်" ဇွဲကညစ်သည်.. တစ်ချပ်ကို အပေါ်သို့ပစ်၍ နောက်တစ်ချပ်ကို အလျားလိုက် အဝေးသို့ပစ်သည်..။ စနေ အလျားလိုက်ထွက်သွားသော ပန်းကန်ကိုအရင်လှမ်းပစ်လိုက်ပြီး အပေါ်သို့ပစ်လိုက်သောပန်းကန် ပြန်အကျကိုစောင့်၍ သေနတ်မောင်းကို ဆွဲအညှစ်..
"ကောင်လေးတွေ..မနက်စာပြီးအောင် မစားတော့ဘူးလားဟေ့.." ဆမ်၏အသံကြီးထွက်လာသည်
"ဒိန်း"
"သွားပြီ.."စနေဒီတစ်ချက် မထိလိုက်..။ ဆမ့်အသံကြောင့် ကျည်ဆန်လန့်သွားသလားမသိ..။ ပန်းကန်ကွဲက ပလွတ်ခနဲ ရေထဲကျသွားသည်..။
"ဟားဟား..လွဲသားပြီ စနေ ..မင်းနှိပ်ပေးရတော့မယ်.. " ဇွဲ ၀မ်းသာအားရအော်သည်..။ စနေကမကျေမနပ်နှင့်..
"ဟာကွာ.. မဆိုင်ဘူးနော်.. ဇွဲ.. ဒါဆမ့်အသံကြောင့် .."
"မဟုတ်ဘူး.. စနေ.ရ" အန်ကယ်ဂျွန် ပဲ့ခန်းအ၀မှာရပ်လျှပ်လှမ်းပြောသည်..။ စနေ နှင့်ဇွဲတို့ လှမ်းကြည့်လိုက်သည်..။
"မင်းတကယ့်လက်တွေ့ ပစ်မှတ်တွေနဲ့တွေ့တဲ့အချိန် အခုလိုစိတ်ပျံ့လွင့်နေရင် ဘယ်လိုလုပ်မလဲ.. အပြင်ကပစ်မှတ်တွေကတော့ ခုဏကပန်းကန်လို ရေထဲကိုအေးဆေးဝင်သွားမှာ မဟုတ်ဘူးနော်.. သေသေခြာခြာလုပ် .." ပြောပြီးပြန်ဝင်သွားသည်..။ဟုတ်သည်..။စနေ သူ့ကိုယိသူ အပြစ်တင်လိုက်သည်..။ သူစိတ်တည်ငြိမ်မှရမည်..။ ဇွဲက သူ့ပခုံးကိုဖက်၍
"ဘာမှစိတ်မပျက်နဲ့ ..နောက်နေ့တွေ ငါမင်းနဲ့ အတူတူလေ့ကျင့်ပေးမယ်" ဇွဲက သူနေစိတ်သက်သာရအောင် နှစ်သိမ့်သည်..။ခုဏကလွဲသွားတာသာ အာသာဆိုလျှင်.. "ဟူး" သူသက်ပြင်းတစ်ချက် လေးလေးပင်ပင် ချမိသည်..။
"လာ.. စနေ ငါမင်းကိုပေးစရာရှိတယ်..။"
ဇွဲက သူ့သေတ္တာကြီးနှစ်လုံးဆီဆွဲခေါ်သွားသည်..။

ကျည်တစ်တောင့်၏ အိပ်မက် (၃)

ရုတ်တရက် မှောင်ပိတ်နေသောနှင်းမှုန်များကြားမှ အလင်းရောင် ဖြတ်ခနဲ ဖြတ်ခနဲ နှစ်ချက်လှမ်းမြင်လိုက်ရသည်...။ ဆိပ်ခံတံတားပေါ်မှ လူတစ်ယောက်ကလည်း မီးအိမ်တစ်လုံးဖြင့် ပြန်၍အချက်ပြနေသည်..။ ပုံမှန်မဟုတ်ဟု သူ့စိတ်ထဲထင်မိသော်လည်း ဘာမှမဟုတ်ပါဘူးလေဟု သူပြန်တွေးလိုက်သည်..။ မိနစ်အနည်းငယ်အတွင်း နှင်းမှုန်များကြားမှ ဘွားခနဲထွက်ပေါ်လာသော နက်ပြာရောင်သင်္ဘောဧရာပေါ်တွင် ဆေးအဖြူဖြင့်ရေးထားသည့် Blue Maria ဆိုသောစာတန်းကို လှမ်းမြင်လိုက်မှ ဆိပ်ခံတံတားပေါ်သို့ဝမ်းသာအားရ ပြေးဆင်းသွားမိသည်..။ ဆိပ်ကမ်းအလုပ်သမားများဖြင့် ရှုပ်ရှက်နေသောကြောင့် ချက်ချင်းဘယ်သူ့ကို မေးလို့မေးရမှန်းမသိ ဖြစ်သွားသည်..။ ထိုအချိန်တွင် သင်္ဘောပဲ့ခန်းအတွင်းမှ ခေါင်းငုံ၍ထွက်လာသော လူထွားကြီးတစ်ဦးကိုတွေ့လိုက်ရသည်..။ ခေါင်းပေါ်တွင်ဆောင်းထားသော သင်္ဘောကပ္ပတိန်များ ဆောင်းလေ့ရှိသည့် ပီးကပ်တစ်လုံးနှင့် မလိုက်ဖက်စွာပင် လောင်းကုတ်အင်္ကျီ ညိုညစ်ညစ်ကြီးကို ဘိုသီဘတ်သီဝတ်ထားသည်..။ ဒါကပ္ပတိန်ပဲဟုတွေးလိုက်သဖြင့် ဆိပ်ခံပေါ်မှအော်၍ မေးလိုက်သည်..။
"မစ္စတာဂျွန်နီလားခင်ဗျာ"
"ဘာဖြစ်တယ်"
သူကြားဟန်မတူ..။ ပါတ်ဝန်းကျင်၌ ဆိပ်ကမ်းအလုပ်သမားများကြောင့် ဆူညံနေသဖြင့် သူအသံမြင့်၍..
"မစ္စတာဂျွန်နီများလားခင်ဗျာ"
သူကြားပုံမရ..။ အော်ရသည့်သူသာ အသံများပင်ဝင်ချင်လာသည်..။ လူထွားကြီးက အသံဝါကြီးနှင့် ပြန်အော်သည်...။
"ဟေ့..ငါဘာမှမကြားရဘူးဟေ့..ပြောစရာရှိရင် တက်ခဲ့"ဟု ပြောကာပြန်ဝင်သွားသည်..။
သူကတက်ခဲ့ဟုသာပြောသည် အလုပ်သမားနှင့် ပြည့်နှက်နေသော ကုန်းပေါင်ပေါ်သို့ စနေဘယ်လိုတက်ရမှန်းမသိ..။ ထိုအချိန်တွင် ပဲ့ခန်းနေရာမှ ကြိုးလှေကားတစ်စင်း လျှောခနဲကျလာသည်..။ လူကိုတော့မမြင်ရ..။ အသံဝါကြီးသာပေါ်လာသည်..။
"ကဲပြော...မင်းခုနကအော်နေတဲ့ဟာကို"
စနေ တတိရအကြိမ်ပြန်ပြောလိုက်သည်..။
"မစ္စတာဂျွန်နီလားခင်ဗျာ"
"အေး..ဟုတ်တယ် ..ငါဂျွန်နီပဲ ..မင်းကဘယ်သူလဲ.. ဘာကိစ္စလဲ..ကဲလာထိုင်ပါ ..ထိုင်ပြီးမှပြော"
စနေပဲ့ခန်းအတွင်းသိုဝင်ကာ ကြမ်းပေါ်မှာပင် ထိုင်ချလိုက်သည်..။
"ကျွန်တော် ဦးနေသာရဲ့ သားပါ."
"ဟေ..မင်းကနေသာ့ သားလား..ဟားဟားဟား.." ဘာမှမပြောရသေးပဲ အားရပါးရရယ်နေ၏..။ပြီးမှ
"ဒါကြောင့် မင်းမျက်နှာကို ငါတွေ့ဖူးပါတယ်ထင်နေတာ.. နေသာရောနေကောင်းလား.. ဟားဟားဟား... ငါတို့ကတော့သူ့ကို နေသာလို့မခေါ်ဘူးဟေ့..နေပယ်လ်လို့ခေါ်တာ..မင်းအဖေက နေပယ်လ်ကမ်းခြေကို သိပ်သဘောကျတာကွ ..သူတို့နိုင်ငံကကမ်းခြေနဲ့တူသတဲ့ကွာ..ဟားဟားဟား.."
စကားတစ်ခွန်းပြောလိုက် တစ်ခါရယ်လိုက်လုပ်နေသည်..။
"ဟုတ်ကဲ့..အဖေဆုံးသွားပါပြီ.."
"ဟေ..." ရယ်နေသော မျက်နှာကြီး ရုတ်တရက်တည်သွားသည်..။
"ဘယ်လိုဖြစ်ရတာလည်းကွာ.. အေးလေ..သူလည်းဒုက္ခိတဘ၀က ၀ဋ်ကျွတ်တာပေါ့ကွာ..ကဲပြော
..ငါ့ကိုလာတွေ့တာ.. ဘာကိစ္စလဲ.."
သူပုံစံက ကိစ္စတစ်ခုကို အကြာကြီးစိတ်ဆင်းရဲခံမည့်ပုံ မပေါ်...
"ကျွန်တော့်ကို အဖေမသေခင် ဒီစာလေးပေးသွားပါတယ်.."
စနေ အိတ်ကပ်ထဲမှ စာအိတ်ကို ထုတ်၍ပေးလိုက်သည်...။ မစ္စတာဂျွန်က လှမ်းယူပြီး မီးအိမ်အနားသို့တိုး၍ ဖတိနေသည်..။ အတန်ကြာမှ..
"အေး..ဒီကိစ္စတွေက ကြာခဲ့ပြီပေါ့ကွာ.. ဒါပေမဲ့ ဒီ အာသာဆိုတဲ့ကောင်ရဲ့ ယုတ်မာမှုမီးလျှံတွေကတော့ အခုထိ တငွေ့ငွေ့လောင်လို့ကောင်းတုန်းပဲဟေ့..ငါမင်းကို ဘယ်လိုကူညီရမယ်ဆိုတာ သိသွားပြီ..မင်းငါ့ကို အန်ကယ်ဂျွန်လို့ ခေါ်လို့ရတယ်.. မင်းခေါ်ချင်သလိုခေါ်ပါလေ... ဒါကအရေးမကြီးပါဘူး.. အဓိက..က အာသာဆိုတဲ့ကောင် အခုဘယ်မှာလဲ ဆိုတာတော့ အရင်ရှာရမယ်.."
"အန်ကယ်..အဲ..အန်ကယ်ဂျွန်က မသိဘူးလား..."
"အေး.. မသိဘူးကွ..ငါဒီကောင်တွေနဲ့ ထိပ်တိုက်မတွေ့အောင် နေတာကြာပြီ.. ဘာလည်းနေရာသိတော့ မင်းက အခုချက်ချင်းသွားဆော်မလို့လား.."
"ဒါပေါ့.." သူမကျေမချမ်း ပြန်ပြောလိုက်ရာ..
"ဟားဟားဟား..." အသံဝါကြီးနှင့် ထရယ်ပြန်သည်..
"အခုအချိန်မှာ မင်းသူ့ကိုဘာနဲ့ သွားယှဉ်မှာလဲ...သူနားမကပ်နိုင်ခင် မင်းအမှုန့်ဖြစ်သွားမှာ အသေအခြာပဲငါ့ကောင်..ဟားဟားဟား...ကဲ...အခုလောလောဆယ် ငါ့သင်္ဘောနဲ့လိုက်ခဲ့...မင်းမှာသင်ယူစရာတွေ အများကြီးရှိသေးတယ်.. နောက်ပြီးမင်းတစ်ယောက်ထဲ လုပ်လို့မရဘူး..ပါတနာကောင်းကောင်းရှာ"
"အန်ကယ်ဂျွန်က..ကျွန်တော့်ကို မကူဘူးလား...အန်ကယ်ဂျွန်က ပါတနာပဲပေါ့.."
"ဟားဟား..ငါကအသက်ကြီးပြီလေ..ဖျတ်လပ်မှုကျတော့ လူငယ်တွေကို မမှီဘူးဟေ့.. ကဲကဲ.. နောက်မှဆက်ပြောတာပေါ့..မင်းနားချင်ပြီထင်တယ်..ဆမ်...ဆမ် ..ဒီလာဦး."
အန်ကယ်ဂျွန် သူ့သင်္ဘောသားတစ်ယောက်ကို လှမ်းခေါ်လိုက်သည်..။ ဆမ် ဆိုသောလူမည်းကြီးတစ်ဦး ရောက်လာသည်..မျက်နှာမှာ အမာရွတ်ဘလဘွနှင့် ကြမ်းတမ်းလှသော်လည်း သဘောကောင်းပုံတော့ရ၏..။
"ဆမ်..ဒါငါ့တူပဲ..ဒီနေ့ကစပြီး ..ငါတို့သင်္ဘောနဲ့ လိုက်မယ် ..ကောင်လေး.. ဒါ ငါတို့သင်္ဘောရဲ့ထမင်းအိုးကြီး ဆမ်တဲ့.. သူမျက်နှာကြီးကြည့်ပြီး လန့်မသွားနဲ့နော်.. ဟင်းချက်တော့အလွန်ကောင်းတဲ့ ကောင်ကြီးကွ..ဟားဟားဟား.. ဒါနဲ့နေပါဦး. .မင်းနာမည်က စနေနော်.."
"ဟုတ်ကဲ့အန်ကယ်..ကျွန်တော်စနေပါ.."
အန်ကယ်ဂျွန်က ခေါင်းတစ်ချက်ငြိမ့်၍ ဆမ်ဘက်သို့လှည့်ကာ
"ကဲ..ဆမ်..မင်းလည်းမှတ်ထား..စနေတဲ့..မင်းနေတဲ့အခန်းမှာပဲ နေရာပေးလိုက်..ကြားလား."
ဆမ်ကဘာမှပြန်မပြောပဲ ခေါင်းငြိမ့်ပြလိုက်ပြီး စနေ့လက်ကိုအသာဆွဲကာ အခန်းအတွင်းမှထွက်လိုက်သည်..။
"ဒါနဲ့ ကောင်လေး...စနေ.." နောက်မှ အသံဝါကြီးထွက်လာပြန်သည်..။
"မင်း သေနတ်ပစ်တတ်သလား"
"ဟုတ်ကဲ့ အဖေကောင်းကောင်းသင်ပေးထားပါတယ်.." စနေဂုဏ်ယူစွာပြောလိုက်သည်...။
"အေး..ကောင်းတယ်ကောင်းတယ်..ကဲကဲ..သွား."
သူဆမ်နောက်သို့ အပြေးလိုက်သွားသည်..။ အန်ကယ်ဂျွန်ပြောတာမှန်၏..။ ဆမ် သည်ရုပ်ဆိုးသော်လည်း အလွန်သဘောကောင်းသည်..။ သူကိုလိုလေသေးမရှိအောင်ကို ဂရုစိုက်သည်..။ သို့သော် စကားတော့သိပ်မပြော..။သူ ဆမ့်ကိုမေးကြည့်တော့ "စကားများများပြောတော့ အမှားပါတာပေါ့ကွာ" ဟုသာ အေးအေးပြန်ပြောသည်..။ ထိုနေ့မှစ၍ စနေသည်..သင်္ဘောပေါ်မှာနေ သင်္ဘောပေါ်မှာစားနှင့် သင်္ဘောသားတစ်ပိုင်းဖြစ်ခဲ့သည်..။ ကမ်းကပ်သည့်အချိန်များသာ အနည်းငယ်အလုပ်ရှိသော်လည်း.. ပင်လယ်ပင်သိုထွက်နေရသော ကျန်အချိန်များ၌ကား လွန်စွာမှပျင်းရိဖွယ်ကောင်းလှသည်..။ ဆမ်က သူတို့ရိုးရာပုလွှေကြီးဖြင့် အပန်းဖြေလေ့ရှိသည်..။ သူ၏ပုလွေသံဖြင့် အခြားသင်္ဘောသားများက ၀ိုင်း၍ကခုန်ကြသည်..။ စနေကတော့ အန်ကယ်ဂျွန်သင်ကြားပေးသော..သေနတ်ပစ်ခြင်းနှင့် အခြားကိုယ်ခံပညာများကို နေ့စဉ်သင်ကြားရသည်..။ သူအာသာ့အား သွား၍ပညာပေးရန်မျှော်လင့်ချက်ကား မှုန်ပြပြသာ မြင်ရသေးသည်..။ လောလောဆယ် ဘယ်မှာစခန်းချလို့ ဘယ်မှာသာယာနေသည် ဆိုသည်ကိုပင်မသိရ ..။ ဒီလိုနှင့် တစ်ခုသော တနင်္ဂနွေနေ့ ..။ သူတို့သင်္ဘော ဂျိတ်စကွဲယားဆိပ်ကမ်းသို့ ဆိပ်ကပ်နားနေစဉ် အန်ကယ်ဂျွန်သည် သင်္ဘောပေါ်သို့ လူငယ်တစ်ဦးကို ခေါ်လာခဲ့သည်..။ စနေနှင့်သက်တူရွယ်တူလောက် ရှိချေမည်..။ အသားအနည်းငယ်ညိုသော်လည်း ယောင်္ကျားပီသသော ရုပ်ရည်မျိုးရှိသည်..။ ပညာတတ်၍ ဦးနှောက်ကို အလုပ်ပေးတတ်သော ပုံမျိုးဖြစ်သည်..။ ထိုလူငယ်သည် တစ်ဘက်တစ်ချက်၌ လူပင်ဝင်ထိုင်၍ရလောက်သော သေတ္တာကြီးနှစ်လုံးကို မနိုင့်တနိုင်ဆွဲ၍ သင်္ဘောပေါ်သို့ တက်လာလေသည်..။ အန်ကယ်ဂျွန်က သူ့အားလှမ်း၍
"ဟေ့..စနေ..လာပါဦး ..မင်းကိုမိတ်ဆက်ပေးရဦးမယ်.. ဒါမင်းရဲ့ အသစ်စက်စက် ပါတနာပဲ..အာသာရဲ့မြေစာပင် နောက်တစ်ပင်ပေါ့ကွာ.."
"သူ့နာမည်က...ဇွဲ ...တဲ့"

ကျည်တစ်တောင့်၏ အိပ်မက် (၂)

"သား... စနေ အဖေပြောတာသေချာနားထောင်နော်..."
တစ်လုံးခြင်း ပင်ပန်းကြီးစွာပြောနေရသော သူ၏ဖခင် ဦးနေသာကို စနေစိတ်မကောင်းကြီးစွာကြည့်လိုက်၏...
"ဟုတ်ကဲ့ပါ အဖေ... သားနားထောင်နေပါတယ်..."
"အဖေမနေရတော့ဘူးဆိုတာ အဖေ့ကိုအဖေသိတယ်... သား... အဖေမရှိတော့တဲ့နောက် သားကို လုပ်စေချင်တာတွေ အဖေမှာခဲ့ချင်တယ်..."
ဦးနေသာသည် ခေါင်းအုံးအောက်မှ စာအိတ်ညိုကြီးတစ်အိတ်ကို ဆွဲထုတ်လိုက်ပြီး...
"ဒီထဲမှာ အဖေမှာချင်တာတွေ အားလုံးပါတယ်... သား... အဖေမရှိတော့ရင် သား စိန့်လူးဝစ်စ် ဆိပ်ကမ်းကိုသွား... အဲဒီကို နှစ်ညတစ်ခါလာတဲ့ Blue Maria ဆိုတဲ့ သင်္ဘောကိုရှာ... အဲဒီသင်္ဘောရဲ့ ပိုင်ရှင်လည်းဟုတ် မာလိန်မှူးလည်းဟုတ်တဲ့ ဂျွန်နီဆိုတာ အဖေ့ရဲ့သူငယ်ချင်းပဲ... သားလိုအပ်တာတွေအားလုံးကို သူကူညီပေးလိမ့်မယ်..."
ထိုစကားများပြောပြီး အိပ်ပျော်သွားသော သူ၏ဖခင်သည် နောက်နေ့မနက်တွင်မူ ပြန်လည်နိုးမထလာတော့ပေ...ဇာပနကိစ္စပြီးသည့် နောက်နေ့မှပင် သူ စာအိတ်အားဖွင့်ကြည့်ဖြစ်တော့သည်... စာအိတ်၏ တစ်ဖက်စွန်းကို သေချာစွာညှပ်၍ စာအားဆွဲထုတ်လိုက်ချိန်တွင် စာနှင့်အတူ "ဒေါက်"ခနဲ သူ၏ရှေ့မှ စားပွဲပေါ်သို့ထွက်ကျလာသော အရာမှာကား ကျည်ဆန်လေးတစ်တောင့် ပင်ဖြစ်သည်... စာအတွင်း၌ပါသော အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်တော့သည်...
"သား... စနေ...
သားဒီစာကိုဖတ်နေချိန်မှာ အဖေဟာ လူ့လောကမှာရှိတော့မှာမဟုတ်ဘူး... အဖေဟာ ဟိုးအရင်တုန်းက ဥပဒေဘက်တော်သားတစ်ဦးဆိုတာ သားသိတယ်နော်... သားမမွေးခင် နှစ်နှစ်လောက်က နယ်စပ်မြို့လေးတစ်မြို့မှာ အဖေတာဝန်ကျခဲ့တယ်... အဲဒီအချိန်က ဒုစရိုက်သမားတွေ မှောင်ခိုသမားတွေ ဘိန်းကုန်သည်တွေ ခြေချင်းလိမ်နေကြတဲ့အချိန်ပေါ့ သားရယ်... ပထမတော့ အဖေတို့မြို့က လူဆိုးသူခိုးတွေက တစ်ဖက်နိုင်ငံက စီးပွားရေးသမားတွေနဲ့ ပေါင်းပြီးမှောင်ခိုတွေစလုပ်ကြတယ်... တွက်ချေကိုက်မှန်းသိလာတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားတဲ့ လူကောင်းတွေပါ စိတ်ပါလာပြီး... ပေါ်တင်တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်လာကြတယ်... ဒုစရိုက်သမားတွေအကြိုက်ပေါ့ သားရယ်..အဖေတို့တပ်ဖွဲ့လည်း လက်လှမ်းမှီသလောက် လိုက်ပြီးဖမ်းဆီးလာတော့ ငွေနဲ့လာဘ်ထိုးဖို့ ကြိုးစားလာကြတယ် .. ဒါပေမယ့်အဖေတို့တပ်ဖွဲ့ကတော့ မလျှော့တမ်းဖမ်းဆဲပဲ ..ဒီလိုနဲ့ တစ်နေ့ အဖေတို့နယ်မှာ အကြီးဆုံးမှောင်ခိုဂိုဏ်းတစ်ခုဖြစ်တဲ့ ပယင်းနဂါးဂိုဏ်းရဲ့ ခေါင်းဆောင် အာသာကနေ ဒီနယ်မြေကိုတာဝန်ယူထားရတဲ့ အဖေဆီကို စာအိတ်လေးတစ်အိတ်ပို့လိုက်တယ် ..အဲ့ဒီစာအိပ်မှာ ပယင်းနဂါးဂိုဏ်ရဲ့ တံဆိပ်ချိပ်ပိတ်ထားတာကလွဲပြီး ဘာစာမှမပါဘူး အထဲမှာတော့ ရွှေဒင်္ဂါးတစ်ပြားနဲ့ ကျည်ဆန်တစ်တောင့် ပါလာတယ်..သဘောကတော့ကြိုက်တာရွေးပေါ့သားရယ်...အဲ့ဒီအချိန်မှာ အဖေအမှာတစ်ခု ကျူးလွန်ခဲ့မိတယ်..မိသားစုအတွက် တစ်စက်လေးမှ ထည့်မတွက်ဘဲ အဖေ့သိက္ခာ အဖေ့မာနအတွက်ပဲ ကြည့်ဆုံးဖြတ်ပြီး ရွှေဒင်္ဂါးပြားကို ပြန်ပို့လိုက်တယ်သား ...ဘာမှထွေထွေထူးထူး ဖြစ်မလာတော့ အဖေစိတ်အေးလက်အေး ဖြစ်သွားတယ် သားမွေးပြီးတဲ့အချိန်အထိပဲ ...သားမွေးပြီးလသားအရွယ်မှာပဲ .အဖေ ပြည်မကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျတယ်...အဖေ လက်မထောင်ပြီလေ..လူကောင်းကလူဆိုးကို ကြောက်စရာမလိုဘူး ...လူဆိုးကသာလူကောင်းကို ကြောက်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ပေါ့ကွယ်..ကြောက်ပါတယ်.. သူတို့ကြောက်ကြပါတယ်.. အဖေကိုပေါ်တင် ဘာမှမလုပ်ရဲခဲ့ကြဘူး.. ပြောင်းရွှေဖို့ထွက်လာတဲ့ အဖေတို့ကားကို လမ်းကနေခြုံခိုပြီး ပစ်ကြတယ်.. သားကိုဘာမှမဖြစ်အောင် ကာကွယ်လိုက်နိုင်ပေမယ့် .. သားအမေရဲ့အသက်နဲ့ အဖေရဲ့ ခြေထောက်တစ်ဖက်ကို စွန့်လွှတ်လိုက်ရတယ်..သား.. အဲ့ဒီအာသာဆိုတဲ့ကောင်ဟာ အဖေတို့အပါအ၀င် မိသားစုပေါင်းများစွာကို ဒုက္ခပေးခဲ့ပေမယ့် သူကတော့ကောင်းကောင်းမွန်မွန်ပဲ ရှိနေသးတယ်.. အဖေသူ့ကို အပြစ်ပြန်ပေးချင်တယ်သားရယ်.. တရားမျှတမှုကို အဖေလိုချင်တယ်... သားလည်းအရွယ်ရောက်ပြီ.. အဖေမလုပ်နိုင်ခဲ့တဲ့တာဝန်ကို သားကိုအဖေ လွှဲခဲ့မယ်... အဖေ့လို ဥပဒေဘောင်ထဲက ကြိုးစားရင်တော့ ကန့်သတ်ချက်တွေများလိမ့်မယ်သား.. ဒီတော့သူ့နားကို အနီးဆုံးရအောင်ကပ်ပါ .. အနီးဆုံးရောက်ပြီမှ တော့ ကျန်တာမခက်တော့ဘူး..ဒီစာကိုဖတ်ပြီးတာနဲ့ သား..အဖေ့ရဲ့သူငယ်ချင်း အန်ကယ်ဂျွန်နီကို သွားရှာပါ..အကြောင်းစုံကိုပြောပြပြီး သူဆီမှာအကူအညီတောင်းပါ... သူအားလုံးကူညီပေးလိမ့်မယ်..
အဖေ့ရဲ့သားအန္တရာယ်ရန်စွယ်ဟူသမျှကိုကျော်လွှားနိုင်ပါစေကွယ်
သားရဲ့အဖေ..
နေသာ..
၁၂-၅-၁၉၉၉"
သူ၏ဖခင် ပြောသည့်အတိုင်းဆိုလျှင် ဤဆိပ်ကမ်းပဲဖြစ်သည် .. လွန်ခဲ့သောနှစ်ရက်က Blue Maria သင်္ဘော လာခဲ့သည် ဟုဆိပ်ကမ်းအလုပ်သမားများထံမှ သိခဲ့၏..ဤအတိုင်းမှန်လျှင်..ဒီနေ့ည တစ်ခေါက်လာရပေမည်.. သူတာဝန်ကျေရမည်..စိတ်ချလက်ချနှင့် နောက်ဆုံးပြုံးခဲ့သော ဖခင်၏ပြုံးကိုသူဘယ်တော့မှမမေ့..ချမ်းအေးလှသည့် နှင်းများကြားမှာပင် မြစ်ပင်ပေါ်သို့ သူစိတ်အားထက်သန်စွာ စောင့်ကြည့်နေမိသည်..
ရုတ်တရက်...

ကျည်တစ်တောင့်၏ အိပ်မက် (၁)

တစ်ခုသော ဒီဇင်ဘာလညဦး၏ ချမ်းအေးလှသော နှင်းမှုန်များကြားတွင် လူငယ်တစ်ဦးသည် တရွေ့ရွေ့စီးဆင်းနေသော မြစ်ပြင်ဆီသို့ မမှိတ်မသုန်ငေး၍ကြည့်နေလေသည်။ အအေးဒဏ်ကြောင့် အနက်ရောင်ဂျာကင်အင်္ကျီကို ကော်လံထောင်၍၀တ်ထားပြီး လက်နှစ်ဖက်လုံးကိုလည်း အနက်ရောင်ဂျင်းဘောင်းဘီ၏ ဘေးအိတ်နှစ်ဖက်အတွင်းသို့ မရမကထိုးထည့်၍ထားလေသည်။ ဦးခေါင်း၌ကား ဦးထုတ်တစ်စုံတစ်ရာမပါသဖြင့် ပခုံးအထိရှည်လျှားလျက်ရှိသော ဆံပင်တို့မှာ ဆောင်းလေအဝှေ့ဝယ် အလိုက်သင့်လွင့်ပါလျှက်ရှိ၏။
ရာသီဥတုဒဏ်ကို အတန်ငယ်ခံစားထာရသဖြင့် မျက်နှာမှာညှိုးငယ်နေသော်လည်း လူငယ်၏မျက်လုံးများကမူ မျှော်လင့်ချက်ဖြင့် တလက်လက်တောက်ပနေ၏။ ညာဘက်ဘောင်းဘီအိတ်အတွင်းရှိ သူ၏လက်ဖ၀ါးထဲတွင် သူ၏ဖခင်ချန်ရစ်ခဲ့သော တစ်ခုတည်းသောအမွေအဖြစ် ကျည်ဆံလေးတစ်တောင့်။ ဤကျည်ဆံလေးသည် သူအမြတ်တနိုး တန်ဖိုးထားစရာ တစ်ခုဖြစ်သလို သူ၏ပခုံးပေါ်ကျရောက်လာသည့် တာဝန်တစ်ခုလည်းဖြစ်သည်။ သူဘယ်လက်ဖြင့် ဂျာကင်အတွင်းအိတ်ကို စမ်းကြည့်လိုက်သည်။ စာတစ်စောင်က နေသားတစ်ကျပင် လှဲလျှောင်းလျှက်ရှိသည်။ သူဒီလိုနေရာကို ဒီလိုအချိန်ရောက်ရှိနေခြင်းမှာ လွန်ခဲ့သောနှစ်ရက်က သေအံ့မူးမူးဖြစ်နေသော သူ၏ဖခင်က နောက်ဆုံးအမှာစကားကို ပြောရင်း သူ့လက်ထဲသို့ထဲ့ပေးလိုက်သော ဒီစာလေးကြောင့်ဖြစ်သည်။ ထိုစဉ်ကဖခင်ကြီး၏စကားကို သူနားထဲကြားယောင်နေမိသေးသည်။
“သား...စနေ....အဖေ့နားကိုလာပါဦး..”

Wednesday, February 16, 2011

ကြေကွဲ...

နေအစင်းစင်း လေပြင်းပြင်းတွေ
တက်ကြိတ်ခံရတဲ့ ဆန့်ငင်ဆန့်ငင် တိမ်တစ်ကောင်လို
ရွာချင်ရာမရွာနိုင်တဲ့ ငါဟာ
မျှော်လင့်ခြင်းသင်္ချိုင်းမှာသေတဲ့ ကောင်ပေါ့