Monday, September 26, 2011

နိုးတစ်ဝက်အိပ်မက်


ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။
ကြွေပြီးသား ကြယ်စင်တစ်ချို့ တောက်ပစွာ ကခုန်နေတာကို နိုးရက်နဲ့ အိပ်မက်မက်ခဲ့ပါတယ်။
ထူးဆန်းလွန်းတဲ့ ရင်ခုန်သံတစ်ချို့ကို ကျွန်တော် ဘာသာပြန်ဖို့ မကြိုးစားတော့ပါဘူး။
တစ်ခါတရံမှာ ရင်ခုန်သံဟာ သူ့ချည်းသက်သက်ကိုပဲ လှပပြီးသား ဖြစ်နေတတ်ပါတယ်။
ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။

ကြွေကျလာတဲ့ ကြယ်စင်တစ်ပွင့်ကို ကောင်းကင်မှာ နေရာပြန်ချဖို့ မဖြစ်နိုင်ပေမယ့်
အလှပဆုံးတောက်ပခဲ့ဖူးတာကိုတော့ ကောင်းကင် မှာ ထာဝရ မှတ်တမ်းတင်ထားခဲ့ပါရဲ့။
ပျောက်ဆုံးပြီးဖြစ်တဲ့ အလင်းရောင်တစ်ချို့ကြောင့်
ဘာပဲပြောပြော
ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။

သစ္စာ


အချစ်ဆိုတာ.. အကျင့်တဲ့လား မိန်းကလေးရယ်..
ငါ့အတွက်တော့ အဲ့ဒီအကျင့်ဟာ .. ငါ့ရဲ့ အစိတ်အပိုင်းပါ..
အခုတော့ ငါပေးနိုင်မျှ အားလုံးအပြင်..
ငါ့အစိတ်အပိုင်းတစ်ခုကိုပါ ယူဆောင်သွားလိုက်ပါတော့ ချစ်သူ..
အဲ့ဒီအစိတ်အပိုင်းလေးဟာ ငါ့အတွက် ထပ်မလိုအပ်တော့ပါဘူး..

ရင်ခုန်ခြင်းမှာ အပြစ်ရှိတယ်ရယ်လို့ ..
ငါ.. တစ်ခါလေးတောင် မစဉ်းစားခဲ့ဖူးပါဘူး..
အခုတော့ အားလုံးဟာ ငါ့အပြစ်တွေပဲလားမသိတော့ဘူး … ချစ်သူရယ်.
မင်းပေးတဲ့ အပြစ်ဒဏ်တွေ ခံယူရင်းနဲ့..
နောက်ပြန်လှည့်ရတဲ့ ခြေလှမ်းတွေမှာ..
ရင်ခွင်ဟာ တဆတ်ဆတ်နာကျင်စွာ အော်ငြီးရှာတယ်…
ဘယ်သူမှ မကြားနိုင်တဲ့ အသံနဲ့ပေါ့…
အို.. မဟာလောက.. ငါ၏ အချစ် စစ်ရိုးအမှန်ဖြစ်လျှင်..
နှလုံးသွေးနှင့် ကြိတ်ငိုရသောဘ၀မှ တစ်ခဏဖြစ်ဖြစ်လွတ်ကင်းရပါလို၏…
အင်း… တစ်ခဏဖြစ်ဖြစ်ပေါ့လေ..

မှောင်နေဆဲ

ငါမမြင်နိုင်တဲ့ ကောင်းကင်ရဲ့ တစ်ဖက်မှာ
ငါရှာနေတဲ့ကြယ်စင်လေးရှိသတဲ့..
မမြင်နိုင်တဲ့ အကာအရံ နဲ့
မရောက်နိုင်တဲ့ အကွာအဝေး ရဲ့
ဟိုတစ်ဖက်က အဖိုးတန် အရာတစ်ခုဟာ
တန်ဖိုးရှိရဲ့လား
အခွံသက်သက် သေတ္တာတစ်လုံးထက်
အဖိုးတန်ရတနာ ထည့်ထားတဲ့သေတ္တာ
ဖွင့်ခွင့်မရှိလဲ
တန်ဖိုးရှိနေသတဲ့လား
ဘာပဲဖြစ်ဖြစ်ပါလေ..
ဒီအချိန်မှာတော့ .. ငါ..
မမြင်နိုင်တဲ့ အလင်းနဲ့လဲ လင်းတတ်ခဲ့ပါပြီ..
မရနိုင်တဲ့ အနွေးနဲ့လဲ ထွေးတတ်ခဲ့ပါပြီ..
ကြယ်စင်ရယ်…