Monday, November 21, 2011

နှလုံးသားမဲ့

ပျောက်ရှခဲ့ပြီ ချစ်သူ
လေပြေလေး တစ်ချက်အဝေ့မှာတင်
ငါ့ကြယ်စင်တွေ ပျောက်ရှခဲ့ပြီ..
ရှေ့တိုးမရ နောက်ဆုတ်မရနဲ့
ငါ့ညတွေအကုန် သန်းခေါင်ယံ မှာပဲရပ်နေကြပြီ..
ကြယ်စင်ဝေးတဲ့ ငါ့ည သန်းခေါင်ယံ
အမှောင်ဆိုတာ တောင် အမှောင်ထဲမှာ ပြန်ပျောက်နေပေါ့
မင်းကို ရှာဖွေဖို့ထွက်သွားတဲ့ ငါရဲ့ နှလုံသားကိုတောင်
ငါပြန်ရှာမတွေ့တော့ဘူးချစ်သူ
နေပါစေတော့လေ..
ငါမလိုချင်တော့ပါဘူး
သူ့ သခင်ကိုပစ်ပြီး
မင်းနောက်ကိုကောက်ကောက်ပါအောင်
လိုက်သွားတဲ့ နှလုံးသား အမိုက်
သူ့ထိုက်နဲ့ သူ့ကံ
သူကျေနပ်သလို ခံပါစေတော့လေ…။

ကျွန်တော် တစ်ယောက်ထဲ အမေရယ်..

အမေ..
ကျွန်တော် တစ်ယောက်ထဲ အမေရယ်..
သူများတွေ အခက်တွေ့နေတဲ့ ဒီလောကဓံ ပျော်ပျော်ကြီးကျော်ဖြတ်ပြမယ်ဆိုတဲ့ ကျွန်တော်..
စိတ်ညစ်လွန်းမက ညစ်နေရင်တောင် သီချင်းတစ်ပုဒ်လောက်ဟစ်လိုက်တာနဲ့ အားအင်အပြည့်ပြန်ဖြစ်ခဲ့တဲ့.. ကျွန်တော်..
ဒီနေ့ စိတ်ညစ်တာကို နောက်နေ့ အကူးမခံခဲ့တဲ့ ကျွန်တော်..
ကလေး ဘ၀က ငိုနေရင်းတောင် ဖြတ်ပြီးရယ်ပြတတ်တဲ့ကျွန်တော်..
ရင်ဘတ်ထဲက နာတဲ့ဒဏ်ကိုတော့ မခံနိုင်ဘူး.. အမေ..
ကျွန်တော်ခံစား ရတာတွေ ပြောပြဖို့ ကျွန်တော်တစ်ယောက်ထဲ ပဲရှိတယ်အမေရယ်..
အခုကျွန်တော် ရေးနေတဲ့စာ ကျွန်တော် ပြောချင်နေတဲ့ အရာတွေကို အမေတို့ ဖတ်ရမှာမဟုတ်ပါဘူး..
ဒါပေမယ့် ကျွန်တော့ရင်ထဲက ပြောတဲ့စကား..
ရင်ထဲကနားနဲ့ပဲ နားထောင်ပေးပါအမေရယ်..
တစ်စုံတစ်ရာ ကို မြတ်နိုးမိတဲ့ နေရာမှာ အပြစ်ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မယူဆဖူးပါဘူး
ကျွန်တော်အဲ့ဒီအပြစ်တွေခံနေရတယ် အမေ..
နာကျင်မှုတွေ ဒဏ်ရာတွေ ကို မမြင်ယောင်ပြုရင်း
နောက်ကွယ်က အရာတစ်ခုကို တမေ့တမော ငေးမိတာဟာလည်း မြတ်နိုးမှုပေါ့ အမေရယ်..
သူရာအားကိုးနဲ့ ဒဏ်ရာကို ဖြေဖျောက်ဖို့..
"ငါဟာ ဒီလိုမျိုးလုပ်မဲ့ ယောင်္ကျားမျိုးမဟုတ်ဘူးကွ.." လို့ ကျွန်တော် မာနကြီးကြီး မဟစ်ကြွေးဝံ့ပါဘူး အမေ..
ဒါမေပယ့် ကျွန်တော့် အတွက် ဒီသူရာဆိုတဲ့ဆေးဟာလဲ အသုံးမ၀င်ပါဘူး..
နာကျင်စရာတွေရဲ့ အဝေးဆုံးကို သတ္တိကြောင်တဲ့ ယောင်္ကျားတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ထွက်ပြေးပုန်းရှောင်ဖို့..
ဟူး… မြတ်နိုးမှုနဲ့ဝေးရာကို ဦးတည်တဲ့ ခြေလှမ်းအတွက် ကျွန်တော့်မှာ အားမရှိဘူးအမေရယ်..
နောက်ဆုံးတော့…
ရင်ထဲက အရှိုးရာ အစင်းရာ ဗရပွနဲ့ နှလုံးသား၊
ဖမ်းဆုပ်မရတဲ့ မြတ်နိုးမှုနဲ့
ဖွင့်မရနိုင်တော့တဲ့ သံချေးတက်တံခါးတစ်ခုကလွဲရင်..
ကျွန်တော့်မှာရှိတာ ကျွန်တော်တစ်ယောက်ထဲရယ်…