"မယ်တင်.. "
ကျွန်တော်
စားပွဲဝိုင်းဘေးထိုင်ပြီးတစ်လှုပ်လှုပ် စားနေတဲ့ မယ်တင့်ကို ကြည့်ပြီး
ခေါ်လိုက်သည်..။ဘာမှ လုပ်စရာမရှိပဲ ဒီလို ထိုင်နေရတာ ကြာတော့ ပျင်းလာသည်..။
သူက တော့ "စားစရာ သောက်စရာ နဲ့တွေ့ လောကကြီးတစ်ခုလုံးကိုမေ့ ၀မ့်ဆွေ့ ၀မ့်ဆွေ့ ၀မ့်ဝမ့်ဆွေ့" ဖြစ်နေသည်ကိုး..။ ပျင်းဖို့ အချိန်တောင်ရမယ်မထင်..။ ခေါ်တာတော့ ကြားလို့ တော်သေးတာပေါ့..။
"ဘာလဲ.." တဲ့...။
မဆိုးဘူး..။
စကားပြန်ပုံထောက်ရင် ကျွန်တော် အပျင်းပြေ လျှောက်မေးလို့ရလောက်သည်..။
ပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ ဘာမှ မေးစရာ မရှိဘူး..။ အဲ တွေ့ပြီ..။
မယ်တင် စိုက်ထားတဲ့ ပန်းပင်လေးနဲ့ ကုန်ကူးနေတဲ့ ပျား လေးတွေ..။
"ဟိုမှာ ပျား တွေတွေ့လား.."
"တွေ့သားပဲ.." မော့ကြည့်ပြီးပြောသည်..။
"အင်း အဲ့ဒါတွေ အထီးလား အမလား.."
"သေးသေးလေးတွေ မြင်ရဘူး.. "
ပြောရင်း
နုတ်ခမ်းထော်ပြီး မုန့် ကို ပြန်ငုံစားနေသည်..။ သူက ဘာများမြင်ချင်လဲ
မသိဘူး..။ ပျားတွေ များ နဲနဲကြီးရင် သူ့ကို ကြောက်တာနဲ့ တင်
ဘောင်းဘီဝတ်လောက်တယ်..။ အင်း သေးနေတာပဲကောင်းပါတယ်..။
"ဟုတ်ဘူးလေ.. မြင်ရလဲ ပုံစံကြည့်ပြီး ဘယ်လိုလုပ်ခွဲမှာလဲ.. သူတို့ အလုပ်လုပ်တဲ့ ပုံကြည့်ပြီးခွဲရမှာပေါ့..."
အမယ်.. စဉ်းတောင် မစဉ်းစားဘူးဗျ..။ ချက်ချင်းပြန် အဖြေပေးသည်..။
"အမ တွေ"
တော်လှချည်လား..။မယ်တင့်ကို
ဒီလောက်မြန်မြန် သိလိမ့်မည်မထင်မိတာ မှားပြီ..။ ပျား အုံတစ်ခုတွင်
ပျားမများသာ ၀တ်ရည်ရှာ အိမ်ဆောက် အလုပ်များလုပ်ရပြီး ပျားအထီးများမှာ
ပျားဘုရင်မနှင့် ဘာညာကွိကွ ရန်သက်သက်သာ တာဝန်ချထားခံရသည်..။
ပြောရင်းဆိုရင်း ပျားတောင် ဖြစ်ချင်လာပြီ..။ အခုနေများ သေသွားရင်
ဘ၀ကူးတောင် ကောင်းမယ်မထင်ဘူး..။တစ်ခါထဲ တိရိစ္ဆာန် ဘ၀ကို
တိုက်ရိုက်လက်မှတ်နဲ့ သွားမှာ..။ ကျွန်တော်က ပျင်းလို့မေးသည်ကို
ဒီလောက်မြန်မြန်ပြန်ဖြေတော့လဲ ကျွန်တော် မကျေနပ်နိုင်..။ ဒါပေမယ့်
ဒီလိုမကျေနပ်တာကိုက ကျွန်တော်မှားတာပါ..။
"ဘာလို့ အမတွေလို့ပြောတာလဲ.."
"ဟုတ်တယ်လေ.. အခုခေတ် မှာ မိန်းမတွေက ပိုက်ဆံထွက်ရှာ အလုပ်ထွက်လုပ် ယောင်္ကျားတွေက အိမ်မှာ နှပ်နေတာ သူတို့လဲ အဲ့လိုပဲ နေမှာပေါ့"
မှတ်ကရော..။
"ပျားအကြောင်း သိလို့ပြောတာမဟုတ်ဘူးလား.."
"ဟုတ်ပါဘူး.. အခုခေတ်မိန်းမတွေ အလုပ်ထွက်လုပ်ကြတာမဟုတ်ဘူးလား ယောင်္ကျားတွေက အိမ်မှာနေ ကလေးထိန်း. အ၀တ်လျှော် ထမင်းချက်"
"ရပြီ.. မယ်တင်"
"သြ.. ရပြီလား.."
"ရပြီ"
တော်သေးပေါ့..။ ကျွန်တော်တွေးသလို ဘာညာကွိကွဖို့ သက်သက် လို့ မပြောလို့..။ ဒီလိုနဲ့ ပျားက ပြီးသွားသည်..။ ကျွန်တော် လက်မလျှော့သေး..။
"မယ်တင်.."
"ဘာတုန်း..."
ဒီတစ်ခါ
ဘာတုန်းက စိတ်ဆိုးမာန်ဆိုး စူပုတ်ပြီး ပြန်ထူးတဲ့ ဘာတုန်း လို့
မထင်ပါနဲ့..။ မျက်လုံးကလေး ဖြတ်ခနဲ လှန်ကြည့်ပြီး ပြုံးစစနဲ့ ပြန်ထူးတဲ့
ဘာတုန်း ပါ..။ သူလဲ ပျင်းနေတယ် ထင်ပါ့..။ ကျွန်တော် စားပြီးခါစ
ထမင်းပန်းကန်အနားပေါ်မှာ အစာစားနေတဲ့ ခြင်လေးတစ်ကောင်ကို
လက်ညှိုးထိုးပြီး..။
"ဟိုခြင်ကိုမြင်လား... အဲ့ဒါအထီးလား အမလား.."
သူနည်းနည်းစဉ်းစားသွားသည်..။ သို့သော် ခဏသာဖြစ်သည်..။
"အဲ့ဒါ အထီး"
ဟိုက်.. တော်ချက်..။ ဒီတစ်ခါတော့ ခုဏကလိုလျှောက်ပြောနေတာ မဖြစ်နိုင်...။
ဒီတစ်ခါက အထီး..။ ပြီးတော့ သူက ခုဏက ပျားတုန်းကလို ဘာညာကွိကွ
သက်သက်မဟုတ်..။ သူ့ဟာသူ အစာရှာစားနေခြင်းဖြစ်သည်..။ ခြင် အထီးနှင့်အမတွင်
အမများသာ ဥဥရန်အတွက်လူ၏ သွေးကို အစာအဖြစ်စုပ်ယူရခြင်းဖြစ်သည်..။
အထီးများမှာ ယင်များ ဖြုတ်များကဲ့သို့ပင် အစာအစား အကြွင်းအကျန်များနှင့်
သစ်သီးများကို အစာအဖြစ်စားကြသည်..။ သိပ်မဆိုးလှပေ..။ မယ်တင်ဒါတော့
ကောင်းကောင်းသိပုံရသည်..။ အင်း.. သိပ်တော့ မသေခြာလှ..။
"မယ်တင်.."
"အင်" ဟင် လည်းမဟုတ် အင်းလဲမဟုတ်သော ကြားထဲကအသံနှင့် ပြန်ထူးသည်..။
"ဘာလို့ အထီးလို့ပြောတာလဲ.."
"ကြည့်ပါလား.. အဲ့ဒီခြင်က ဗိုက်မပူဘူးလေ.. မိန်းကလေးဆို ဗိုက်ပူတယ်... ယောင်္ကျားလေးဆိုဗိုက်မပူဘူး.."
"ဟာ.. ဘာတွေလျှောက်ပြောနေတာတုန်း.. "
"ဟုတ်ဘူးလေ.." ပြောရင်းဆိုရင်း ထမင်းစားပြီးခါစ သူ့ဗိုက်ပူပူလေးကို လက်ညှိုးထိုးပြသည်..။ ပြီးတော့ ကျွန်တော့ ဗိုက်ကို လက်ညှိုးထိုးပြပြီး..။
"တွေ့လား မိန်းကလေးဆိုဗိုက်ပူတယ်.."
သြ.. တော်သေးသည်..။ သူကဒါပြောချင်တာ ဖြစ်သည်..။ သူ့ဟာနဲ့ သူတော့ အဟုတ်...။
'ဗိုက်ပူမှ ကြိုက်သူများတာ' ဆိုသည့် စကားမှာ သူပြောနေကျစကားဖြစ်သည်..။
ကျွန်တော်ကလည်း ဒီဗိုက်ပူပူလေးကိုပဲ... အဲ.. ဘာတွေ
လျှောက်ပြောနေမိမှန်းမသိ..။ အခုနေများသေသွားရင် အဲ့ဒီဗိုက်ပူပူ ထဲ..။ ဘုရား
ဘုရား.. ခေါင်းတွေတောင်မူးတယ်..။ ဒီခြင်ကိစ္စလဲ ကျွန်တော်
ရှုံးနှိမ့်သွားပြန်သည်..။ အခုတစ်ခါတော့ သေခြာကြည့်မေးမှရမည်...။ ကျွန်တော်
ဘေးပတ်ဝန်းကျင်ကို သေသေခြာခြာ စေ့စေ့စပ်စပ် လိုက်ကြည့်သည်..။
သူလဲစိတ်ဝင်စားလာပုံရသည်..။ ဒီလိုပေါက်ပေါက်ရှာရှာတွေ မေးတာကိုပဲ
သဘောကျသည်လား..။ သူပေါက်ကရတွေ ဖြေနေရတာကိုပဲ
ပျော်နေသည်လားမသိပေ..။ ကျွန်တော့ဒူးကို ကုတ်ပြီ..။
"မေးလေ.." တဲ့.. ။
"ဟိုနား Coconut က အဖိုလား အမလား.."
"Coconut မှာ Male, Female ရှိလို့လား.."
ဟာဟ..။ သူဒါကိုမသိဘူး..။ ဒါဆို ကျွန်တော်နိုင်ပြီ....။
"အေးပေါ့ ရှိတာပေါ့.." ကျွန်တော် သူ့ကို ပြောရင်း
အုန်းပင်ကိုလှမ်းကြည့်မိသည်..။ အုန်းပင်မှာ အုန်းပန်းတွေ ဝေေ၀ဆာဆာနှင့်..
အုန်းပင် အဖိုကြီး..။
အမလို အရုပ်ဆိုးဆိုး.. အသီးတစ်ပြွတ်နှင့်မဟုတ်..။ အုန်းပင်အမ ထံမှ အုန်းပန်းမရပေ..။ အုန်းပင်အဖို ထံမှလည်း အသီးမရပေ..။
အင်း ပြောရင်နဲ့မှ စဉ်းစားကြည့်သည်..။ အပင်တောင်မှ အဖိုက ပို၍လှသည်..။ တိရိစ္ဆာန် တွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်..။
ဒေါင်းတို့ လိုငှက်မျိုးဆို ပို၍တောင် သိသာသေးသည်..။ အထီးမှာ အတောင်အလက် အရောင် အသွေးစုံနှင့်..။
အမတို့မှာ အရောင်မွဲမွဲ အတောင်ကျဲကျဲ နှင့်ဖြစ်သည်..။ လူဆိုလျှင်ပို၍ သိသာသည်..။ (ဥပမာ kosaturn ကိုရှု..)
မယ်တင် အုန်းပင်ကိုသေခြာကြည့်သည်..။ သူသိပ်မမြင်ရ၍ ထင်သည်..။ ကျွန်တော်
အနိုင်ကျင့်သလိုများဖြစ်သွားလား မသိပေ..။ သူက မျက်လုံးသိပ်မကောင်းပေ..။
မယ်တင် စိတ်ပျက်လက်ပျက်နှင့် အိမ်ခန်းထဲ ၀င်သွားသည်..။ အနှစ်နှစ် အလလ
မတပ်ပဲထားသော.. သူ့မျက်မှန်အပဲ့လေးကို ထုတ်တပ်လာသည်..။ လက်နက်ကိရိယာ
အပြည့်နှင့်ဆိုတော့ မျက်နှာက ခုဏကမျက်နှာနှင့် လားလားမှ မဆိုင်..။ သူဝရံတာ
အထိထွက်ပြီး အုန်းပင်ကိုကြည့်သည်..။ ပြီးမှ ကျွန်တော့ဘက်ကို
ဇတ်ကနဲ့လှည့်ပြီး..။
"အဲ့ဒါ .. အဖို.."
"ဘာ..လို့ ပြောတာလဲ အဖိုလို့..". ကတောက်..။ မှန်သွားပြန်သေးသည်..။ ဒီနေ့တော့ နိုင်စရာအကြောင်းမရှိတော့ပေ..။
မယ်တင်ပြန်ဖြေသည်ကို ကြားပြီး ကျွန်တော် ဆံပင်များပင် ထောင်သွားသည်..။
"ကြည့်လေ ဥတစ်လုံးမှမပါဘူးတွေ့လား.. Coconutလူနဲ့မတူဘူး" တဲ့...
အမယ်လေး မယ်တင်ရဲ့ မပြောချင်တော့ဘူး..။ အဲ့ဒါ ဥမဟုတ်ဘူးမယ်တင်ရဲ့...
နာမည်ကပဲ coconut ..။ တစ်ကယ် nut မဟုတ်ဘူး..။ ဟိုးအပင်ထိပ်ဖျားမှာလေ..။
အဲ့ဒါ အသီးပေါ့..။ အင်း.. လူနဲ့တော့ မတူဘူးပေါ့..။ မပြောချင်ပါဘူးဆို
မယ်တင့် အကြောင်းကို..။ နောက်ကြုံတော့လည်း ပြောတာပေါ့..။