“အမေ ကျွန်တော့်
နားက ကောင်းကောင်းမကြားရတော့ဘူး အမေ”
ကျွန်တော်
အမေ့ကို အလန့်တကြား ပြောပြလိုက်သည်။ အမေက ထုံးစံအတိုင်း စိတ်ပူပေမယ့် ဆူလိုက်သေးသည်..။
“အေး နင့်ကို
ငါပြောတယ်လေ ဆင်ခြင်နေပါလို့ မနက်ဖြန် မကွေးကိုသွားပြီး နားဆရာဝန်နဲ့ပြမယ်”
အင်း .. မျက်စိနားနာခေါင်း
ဆရာဝန်နဲ့ဆိုရင်တော့ ပြန်ကြားရလောက်ပါရဲ့..
ဒီလိုနဲ့
ကျွန်တော် နဲ့ အမေ ဆေးခန်းသွားပြကြတယ်ပေါ့.. ဆရာဝန်က သူ့ရဲ့ပစ္စည်းကိရိယာလေးတွေနဲ့ စမ်းသပ်ကြည့်ပြီ
“မင်းရဲ့ညာဖက်နားစည်က
လုံးဝနည်းပါးကို မရှိတော့ဘူး… နည်းနည်းလေးပဲ ကျန်တော့်တယ်”
“ဘယ်လောက်နည်းနည်းလဲဆရာ”
“အင်း နာရီလက်တံနဲ့ပြောရရင်
၁၅ မိနစ် စာလောက်ပဲ ကျန်တော့တယ် ၄၅ မိနစ်လောက်က မရှိတော့ဘူး”
“ဗျာ…။”
-*-*--*-*-*-*-*-*-
အဲ့ဒီတုန်းက
ဆယ်တန်းဖြေအပြီး သင်္ကြန်ဗျ..။ ဆယ်တန်းအပြီးဆိုတော့ ကဲလို့ကလဲကောင်း မန္တလေးတစ်ခွင် ပြဲပြဲစင်ဆိုပါတော့..။
မနက်ကို ဆိုင်ကယ် နဲ့ လည်လိုက် ညနေပိုင်းကျ ကားနဲ့လည်လိုက်နဲ့..။ ဒီလိုနဲ့ အကြတ်နေ့
ကိုရောက်ရော..။ ရှေ့ရက်တွေ တုန်းက အတိုင်းဆို မနက်ကို သူငယ်ချင်းတွေ စုပြီး ဆိုင်ကယ်
တစ်စီးစီနဲ့ ကဲကြမှာ..။ ဒါပေမယ့် ဖြစ်ချင်တော့ တစ်ကောင်မှ မအားကြတော့ဘူး..။ (ဘော်ဒါ
အကန့် ကနေ ဆော်အထာ အကန့် ကို ခပ်ပါးပါးလေး ပြောင်းသွားကြပြီ.. တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်)
အားတဲ့ကောင်တွေကလည်း အကျနေ့မှာ ရှေ့မကြည့်နောက်မကြည့် ကဲထားလို့ ဆိုင်ကယ်နဲ့ မလည်နိုင်တော့ဘုး..။
ကားနဲ့ မနက်ထဲကလိုက်မယ်တဲ့..။ ကဲ ဒီလိုဆိုတော့ လည်း ကားနဲ့ပေါ့..။ မနက်ပိုင်းကျွန်တော်တို့
လိုက်နေကျမဟုတ်တော့ ကားပေါ်မှာက လူအပြည့်..။
ကိစ္စတော့မရှိပါဘူး..။
ယောင်္ကျားလေးတွေပဲ ဘေးကတွယ်လိုက် နောက်မှီးမှာထိုင်လိုက် ရှေ့ စက်ဖုံးပေါ်ရောက်လိုက်နဲ့
လိုက်သွားကြတယ်..။
မဏ္ဍပ်ရှေ့ရောက်ရင်
ဆင်းကလိုက် .. ကားထွက်ရင်ပြန်ပြေးတက်လိုက်ပေါ့..။
မဏ္ဍပ်တွေကလည်း
မီးသတ်ပိုက်တွေ အပြုံလိုက်နဲ့ ဆိုးလိုက်တာ..။
အမယ် ဖော်မြူလာရှိတယ်ဗျ..။
မီးသတ်ပိုက်ကိုကောင်မလေးတွေကိုင်ရင် ကောင်မလေးအချင်းချင်း မျက်နှာကို ထိုးတယ်..။ ယောင်္ကျားလေးတွေကိုင်ရင်
ယောင်္ကျားလေးချင်း မျက်ခွက်ကိုထိုးတယ်..။ မီးသတ်ပိုက်နဲ့..။
မဏ္ဍပ်တစ်ခုရောက်တော့
အဲ့ဒီမျက်ခွက်ထိုးတဲ့ ကောင်တွေနဲ့တွေ့တာပဲ.. ။ ဒင်းတို့က မိန်းကလေးတွေကျတော့ မျက်နှာမပက်ဘူး..။
တစ်ခြားပက်ချင်တဲ့ဟာ ပက်တာ..။ ကျွန်တော်တို့ကျတော့ မျက်နှာပြီးရင်မျက်ခွက်.. မျက်ခွက်ပြီးပြီရင်
ခေါင်းပဲ..။ ဒါကြောင့် ကျွန်တော်တို့ ကားဆရာလဲ မြန်မြန်မောင်းပြေးတယ်..။ အောက်မှာ ဆင်းကနေတဲ့
ကျွန်တော်တို့လဲ ကားနောက်ကိုပြေးတွယ်တဲ့လူကတွယ် ကားဘေးကို ကုတ်တက်တဲ့သူကတက်နဲ့..။ ကျွန်တော်လဲ
ကားဘေးကို အတက် မဏ္ဍပ်ဘက်ကနေ တက်မိရက်သားဖြစ်သွားတယ်..။ မဏ္ဍပ်ပေါ်က နွားများကလဲ (ဆောရီးဗျာ..
စိတ်တိုလို့) မျက်ခွက်ချည်းပဲထိုးတာ..။ အဲ့ဒါ ရေမွန်းတာနဲ့ ခေါင်းကို အလှည့်.. နားထဲ
ကို ဗြန်းကနဲ ပြေးဝင်တာပဲ …။ နားထဲ သံရိုက်ထည့်လိုက်သလိုခံစားလိုက်ရတယ် .. ။ နားထဲက
နေ အရည်အပူတွေ ထွက်ကျလာတာခံစားလိုက်ရတယ်..။ သွေးတွေလားမသိဘူး..။ ကျွန်တော် အလန့်တကြားလက်နဲ့
သုတ်ပြီးကြည့်လိုက် တော့ တော်သေးတာပေါ့.. ရေတွေ.. ။ ခဏပါပဲ နာတာ ပြီးတော့ ဆက်ကဲတာပဲ..။
အဲ ညမှ သေတော့တာပဲ..။ မျက်နှာ ညာဘက်တစ်ခြမ်းလုံးရောက်ကိုင်းပြီး ပါးစပ်တောင်မဟနိုင်ဘူး..။
ထမင်းစားဖို့တော့ ဝေးရော.. ။ ငတ်လေ မဏ္ဍပ်ပေါ်က ငနာတွေကို စိတ်တိုလေပဲ..။ နောက်ဆုံးမနေနိုင်တော့
၈၁ လမ်းက နားဆေးခန်းကိုပြေးရတယ်.. ။ ဆရာဝန်က သေခြာစစ်ဆေးကြည့်ပြီး ပြောပြတယ်
“နည်းနည်းလေး
ပေါက်သွားတာပါ..။ လေးပုံပုံရင် တစ်ပုံလောက်ပြဲသွားတယ်.. ။ ဒါပေမယ့်စိတ်မပူပါနဲ့ ဆရာပြောတဲ့အတိုင်း
နေရင် အဲ့ဒီဒဏ်ရာလောက်က သူ့ ဟာသူ ပြန်ပြည့်သွားမှာပါ..”
“ဟုတ်ကဲ့ဆရာ..
ဘာတွေဆောင်ရရှောင်ရမလဲ ဆရာ”
“အခုနာနေတာအတွက်တော့
ဆေးထိုးပေးလိုက်မယ်. ပြီးတော့ ဒီဆေးတွေကို ကုန်အောင်သောက်ပြီးရင် သက်သာသွားလိမ့်မယ်..
နားစည်ပြန်ဖြစ်ဖို့ကတော့
၆ လ အတွင်း ဆိုင်ကယ် မစီးရဘူး.. ရေမကူးရဘူး နှစ်ခုပဲနော်.. မှတ်မိလား..”
“ဟုတ်ကဲ့ဆရာ..”
ဟဲဟဲ.. မြန်မာပီပီ
အနာလဲ သက်သာရော ဆရာဝန်ပြောတာ မေ့ရော..။ ဆိုင်ကယ်မစီးရဘူးဟုတ်လား..။ ဆယ်တန်းပြီးပြီဆိုတော့
အိမ်ကို ဆိုင်ကယ်ပူဆာတယ်..။ အဲ့ဒီတုန်းက အဖေ က ညောင်ရွှေမှာ တာဝန်ကျတာပေါ့.. ညောင်ရွှေကလား
ရှမ်းပြည်တောင်ပိုင်းက အင်းလေးအိုင် ရှိတဲ့မြို့ပေါ့..။ အိမ်ကလဲ ဆရာဝန်ပြခဲ့တာမှ မသိတာ
ဝယ်ပေးတာပေါ့.. ။ ကျွန်တော်ကလဲ အကြိုက်ပဲ အိမ်ကို မပြန်တော့ဘူး..။ မြို့ထဲတင်သွားတာ
မဟုတ်ဘူးနော်..။ မြို့ခြားနယ်ခြားသွား လက်ဖက်ရည်သောက်တာမျိုး.. အသိတွေဆီ တစ်အိမ်ပြီးတစ်အိမ်သွားလည်တာမျိုး..
နောက်ဆုံးဆိုယ်ကယ်ကို တိုက်စရာ ဆီဖိုးမရှိတော့မှ အိမ်ပြန်တာမျိုးလေးတွေပဲလုပ်တာ ..။
၁လခွဲ ၂လလောက်ကြာတယ်.. ။ ဆိုင်ကယ်လေးကလဲ လေမတိုးမှာ မပူရဘူး..။ YAMAHA လေး.. ။
မှုန်နေအောင်ပြေးတာ..။ သတိတောင်ရသေးတော့…။ ဆရာဝန်စကားကို အဲ့လိုနားထောင်ပစ်တာ..
။ ဒါပေမယ့် ရေကူးတယ်ဆိုတာတစ်ခုတော့ ကျန်ပါသေးတယ်..။
ဘုရားပေးပေး
ကျမ်းပေးပေးပါ ..။ ကျွန်တော် အင်းလေးမှာ ရေဆင်းမကူးခဲ့ပါဘူး..။ တကယ်ပါ..။ ညောင်ရွှေကနေ
အဖေ ဘယ်ကို တာဝန်ပြောင်းရသလဲဆိုတော့ မကွေးတိုင်း ဟိုးအနောက်ဖက် ချင်းတောင်ဘက်ကပ်သွားပြီ..။
စေတုတ္တရာ တဲ့ ဘုရားစူးမြို့..။ မြို့ ဒီဘက်ထိပ်က နေ ဆေးလိပ်သောက်ပြီး အလျားလိုက်ဖြတ်လျှောက်..
ဟိုဘက်ထိပ်ရောက်တာတောင် ဆေးလိပ်မကုန်သေးဘူး..။ ကဲ..။ တစ်ခုတော့ ရှိတယ် အဲ့ဒီမှာ အဲ့ဒီအချိန်က
အကြီးဆုံးပေါ့ ရေအားလျှပ်စစ်စီမံကိန်း မုန်းချောင်းရေလှောင်တမံ စီမံကိန်းရှိတယ်..။
အဲ့ဒီအချိန်ကျမှ နာမည်ကြီးမုန်းချောင်းနဲ့ ကျွန်တော်နဲ့ တွေ့တာပဲ..။ မုန်းချောင်းများရေစီးသန်ချက်
က.. ကျွန်တော်တို့ စီးလာတဲ့ကားကို တင်ပြီး မုန်းချောင်းတစ်ဖက်က စေတုတ္တရာ ကို ပို့ပေးတဲ့
အင်ဂျင်၂လုံးတပ်တဲ့ လှေ(ဇက်ခေါ်မှာပေါ့..) အဲ့ဒါကြီးက ဒီဘက်က နေ ကန့်လန့်ဖြတ်ကူးရင်
ဟိုဘက်ကို အောက်ဖက် ၂ဖာလုံ လောက်မှာ သွားကပ်တယ်.. ဒါတောင်စက်အားနဲ့ ရေဆန်ကို ကန်ပြီးကူးတာနော်..
။ အဲ့လောက်ရေစီးသန်တာ..။ အဲ့ဒီမုန်းချောင်းကျမှ ရေထဲကို သစ်ငုတ်တွေရိုက်ပြီး ဆင်းကူးတာ..။
အင်းလေးက ရေငြိမ်လို့..။ မုန်းချောင်းထဲကို သစ်ငုတ်တွေကိုင် ပြီး ဆင်းတာတောင် ခြေတစ်ဖက်ကြွလိုက်ရင်
အဲ့ဒီခြေထောက်က ရေစီးနဲ့ လည်ပြီးပါသွားတာ..။ သူတို့ ပြောကြတာကတော့ ရေစီးနဲ့ပါသွားရင်
အောက်ဖက် ၅မိုင် ၆ မိုင်လောက်မှ ပေါလောလေး ပုတ်ပွပြီး ပြန်ပေါ်တယ်တဲ့..။ အဲလို လိမ္မာတော့
ဒီနားစည်က ဘယ်လိုကောင်းတော့မလဲ..။ ဒီလိုနဲ့ပဲ အပေါ်ဆုံးမှာ တုန်းကပြောခဲ့သလို.. မကြားသလို
ကြားသလို ဖြစ်တော့တာပဲ…။ မကွေးက ဆရာကြီးက တော်တော်ကို ကျွမ်းကျင်တယ်ဗျ..။ ကျွန်တော့်ကို
မကွေးဆေးရုံမှာတင် နားစည် အစားထိုးပေးတယ်..။ နားထင်က အရေပြားအောက်ကနေ အမှေးပါးယူပြီး..
နားစည် နေရာကို အစားထိုးတာတဲ့..။ ကျွန်တော် မေ့ဆေးပြယ်ပြီး ပြန်နိုးလာတော့ ဆရာဝန်ကြီးက
ဘေးမှာလာအားပေးရင်း သူ့လက်ရာကို လာကြွားတယ်ဗျ..။
“မင်းနားစည်ကို
အစားထိုးတဲ့နေရာမှာ ဘာချုပ်ရိုးမှ သုံးမထားဘုး..နည်းပညာ အသစ်ပေါ့.. အရင် နားစည်ကို
ဖယ်ထုတ်လိုက်တယ်.. ပြီးတော့ အဲ့ဒီနေရာ မှာ အသားကို ဟသွားအောင် ပတ်ပြီးလှီးလိုက်တယ်
ပြီးတော့ အဲ့ဒီ အဟကြားထဲ ကို နားစည်အသစ် ညှပ်ထည့်ပေးလိုက်တာ.. အနာကျက်တာနဲ့ နားစည်ကို
အလိုအလျှောက်ဆွဲတင်းပြီးသားပဲ”
အမယ် မိုက်တယ်ဗျ
ကိုယ့်ဘာသာကိုယ်တောင် ဂုဏ်ယူသွားတယ်..။ ဆရာကဆက်ပြောတယ်
“အဲ့ဒီနည်းက
ငါကိုယ်တိုင်ထွင်ထားတဲ့နည်းပဲ..။ မင်းကို ပထမဆုံးစမ်းသုံးတာပဲ..”
“ဗျာ…”
ဟုတ်ကဲ့ အဲ့ဒီအချိန်ကစလို့
ကျွန်တော် အရင်ကလို ရေလဲမကူရဲတော့ပါဘူး .. အသံကျယ်ကျယ်တောင်နားမထောင် ရဲတော့ဘူး..။
အဲ့လိုတွေလုပ်နေလို့ ကျွန်တော့်နားအခြေအနေ ဆိုးသွားတယ်မထင်ပါနဲ့ ..။ အခုဆို ကျွန်တော်
ကြားချင်တာတွေ ကြားရတဲ့အပြင် မကြားချင်တာတွေလဲ ကြားနေရတယ်..။ အသံတစ်အားတိုးရင်ကို ကျွန်တော်ကြားနေရတယ်..။
အသံနဲနဲကျယ်ရင်တောင် ကျွန်တော့အတွက် အူထွက်နေတယ်..။
ဟိုနေ့ကတော့
မကွေးကဆရာဝန်ကြီးရဲ့ (နာမည်မေ့သွားတာတောင်းပန်ပါတယ် ဆရာရယ်) ကျေးဇူးကို ထင်ထင်ရှားရှား
ခံစားလိုက်ရတယ်..။ ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ရှေ့ကအဖြတ် ဆိုင်ထဲက အလှဖန်တီးရှင် ကိုကိုတွေခေါ်ရမလား
မမတွေခေါ်ရမလားပဲ.. အစုလိုက်အပြုံလိုက် ထိုင်ရင် လမ်းဘက်ကိုကြည့်နေကြတယ်..။ သူတို့ကလဲ
သူတို့ဘာသာသူတို့ပြောတာပါ..။ ကျွန်တော့်နားက လဲ ကြားတာပဲ..။
“ဟယ် .. ဟိုမှာ
အလန်းလေးတော့.. လိုက်ပြောရအောင်”
“အယ် နင်လိုက်ပြောတော့
ရနေဦးမယ် ကောင်လေးက အသန့်လေးပါ”
“အမယ် အသန့်လေးလဲ
၂၅၀၀၀ ပဲ ငါလိုက်ပြောလို့ရရင် နင်ပိုက်ဆံပေးမလား တဲ့”
နောက်ဘာဆက်ပြောနေကြလဲတော့
ကျွန်တော် မကြားတော့ပါဘူး..။ ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျတယ်ဆိုတာ ဒါမျိုးထင်တယ်..။
အဲ့ဒီနေ့ကစပြီး
ကျွန်တော်နောက်ကို အဲ့ဒီလမ်းထဲက ဘယ်တော့ မှ မဖြတ်တော့ပါဘူး..။ အခုအထိပါပဲ
ကိုယ့်နားကိုယ်
လည်း စိတ်နာတယ်..။ ဆရာဝန်ကြီးလဲ စိတ်နာတယ်..။
အလန်းလေး နောက်ခံအနက်ရောင်ကို နစ်ခြား အရောင်ပြောင်းပေးပါလား။
ReplyDeleteစာ ရဲ့ နောက်ခံကိုပြောတာလား.. ဟုတ်ကဲ့.. ဖတ်လို့ အဆင်မပြေဘူးထင်တယ်... ကျွန်တော် ဖတ်ကောင်းတဲ့ အရောင် ပြောင်းလိုက်ပါမယ်.. ကျေးဇူးပါ အားပေးတာ :)
ReplyDelete