Tuesday, December 20, 2011
မယ်တင်နှင့် သူ၏ အလွဲများ (၂): မုန့်ဆီကျော်
ဒီနေ့တော့ မယ်တင့်ဆီကို စောစောစီးစီးသွားမယ်လေ ဆိုပြီး စောထွက်လာပါတယ် ကားကစောင့်လိုက်ရတဲ့
အစောင့်..။ပြောကိုမပြောချင်ဘူး..။ အင်း မပြောချင်လို့လဲ မဖြစ်သေးပါဘူး..။
အခု မှ နှစ်ကြောင်းရေးရသေးတယ်..။ ဆက်ရေးဦးမှပါ..။
အဲ.. အဲ့လိုကားက စောင့်ရတဲ့အထဲကို ရတဲ့ကားကလဲ ဟိုမှတ်တိုင် အီလေးဆွဲပြီးရပ်လိုက် ဒီမှတ်တိုင်
 မသိချင်ယောင်ဆောင်ပြီး ကျောက်ချလိုက်နဲ့ မပြီးတော့ဘူး..။
အမယ် တဗြဲဗြဲနဲ့ အခုထွက်မလို တော်ကြာထွက်မလိုက လုပ်ပြသေးတာ..။
ဒီလိုနဲ့ တက္ကဆီနဲ့ သွားရင် ငါးမိနစ် ခြောက်မိနစ် မောင်းရမယ့်ခရီးကို ကပ်စေးနဲ့ပြီး လိုင်းကားစီးလိုက်တာ
 မိနစ် အစိတ် ကျော်ကျော်နာရီဝက် နီးနီးကြာမှရောက် တယ်..။
မယုံမရှိနဲ့..။ သွားပြီ..။ မယ်တင်တော့ တင်းနေလောက်ပြီ..။ တင်းနေတော့ လျှော့ပေါ့..။ အဲ.. ချော့ပေါ့..။
 ကားပေါ်ကဆင်း ပြီး သူတို့ လမ်းထိတ်က ဖုန်းဆိုင်ကနေ ဖုန်းလှမ်းဆက်လိုက်တယ်..။
တော်သေးတယ် ..။ သူကလဲ မအားသေးလို့ ထွက်မလာသေးဘူး..။
ကိုယ်ကတောင် ပြန်စောင့်လိုက်ရသေးတယ်..။ ဒါပေမယ့် တင်းနေလို့
လျှော့ရတာနဲ့စာရင်တော်ပါသေးတယ်..။ အယ်.. ချော့မယ်ပြောပါတယ်..။
ဒီလိုနဲ့ နောက်ဆုံး  ကျွန်တော်နဲ့ မယ်တင်နဲ့ တွေ့တဲ့ အခန်းကိုရောက်ပြီခင်ဗျာ..။
နှစ်ယောက် သား ကားဂိတ်ဘက်ကိုပြန်လမ်းလျှောက်ကြတယ်..။  မယ်တင်ရယ်လေ..။
စတွေ့ကတည်းက ပြောလာတဲ့ စကား က nonstop ကားဂိတ်ရောက်တော့မယ် မပြီးသေးဘူး..။
ခါတိုင်းလို ရေဘူးလေးထောင်ပြပြီး သတိပေးရအောင်ကလဲ ရေဘူးကမပါဘူး..။
မျိုးကြီးလိုသာ "နားနားပြီးပြောမောမယ်"လို့ ပလိန်းကြီး အော်ဆိုလိုက်ရရင် ကောင်းမလား..။
 မဖြစ်သေးပါဘူး..။ သူက အဲ့ဒီအချိန်ကျမှ "လက်သီးကြိုက်လား လက်ဝါးကြိုက်လား
 ကြိုက်ရာကိုရွေးစမ်းကိုယ့်လူ" ဆို ဒုက္ခပဲ..။
အဲ့လိုဖြစ်နေတုန်းမှာ ကယ်တင်ရှင်တွေ့တာပဲ..။ လမ်းဘေးမှာ ရောင်းနေတဲ့ အကြော်ဆိုင်..။
အကြော်သည် အစ်ကိုကြီးမျက်နှာကြည့်ရတာတောင် မိုးမင်းဇာတ်ထဲက သကြားမင်းကြီးနဲ့တူသလိုပဲ..။
ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ နားဝကို တက်ဆောင့်ပုံရတယ်..။
အကြော်သည်ယောင်ဆောင်ပြီး လာကယ်တင်တာ..။
မယ်တင့်ရဲ့ နုတ်ခမ်း အစုံက တိတ်ဆိတ်သွားတယ်..။ သူ့မျက်နက်ဝန်း နှစ်စုံက မုန့်ဆီကြော် နှစ်ချပ် ဆီတွေ
 ရွဲနေသလို အရောင်တွေလက်သွားတယ်..။
ကျွန်တော်က အခွင့်အရေးကို အမိအရ ယူလိုက်တယ် "အကြော်စားမှာလား.. " ..။ သူက "အင်း"တဲ့ ..။
ကျွန်တော် အကြော်ဒယ်အိုးဘေးထိုင်နေတဲ့ သကြားမင်းကြီးကို လှမ်းမေးလိုက်တယ်.. အစ်ကို
မုန့်ဆီကျော်တစ်ခုဘယ်လောက်လဲ လို့ ..။ သကြားမင်းကြီးက ဒယ်အိုးထဲကို မုန့်နှစ်တွေ တရှဲရှဲ
ပစ်ထည့်ရင် ပြန်ပြောတယ်..။ "တစ်ရာညီလေး"..။ မယ်တင့်ကို လှည့်ကြည့်တော့
အကြွေတွေနှိုက်ပြီးရှာနေသည်..။ တွေ့ ပုံမရ ..။ သကြားမင်းကြီးဘေးက အကြော်ထည့်ပေးတဲ့
သုဇာတာလား သုဇိတာ လားမသိတဲ့ အစ်မကြီးက..။
 "ဘယ်နှစ်ခုယူမှာလဲ ညီမလေး"တဲ့..။ သူက ငါးရာတန်လေးတစ်ရွက် ထုတ်လိုက်ပြီး..။
"သုံးခု .. သုံးခုကို ငါးရာ ထားလိုက်"
ကျွန်တော် ရယ် ဦးမာဃရယ် သုဇာတာ ရယ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ဘာပြောရမယ်မှန်းကို မသိတော့ဘူး..။ မသုဇာတာ ကတော့ "မဟုတ်ဘူးလေ ညီမလေးရဲ့"..။ကျွန်တော်
 တော်တော်လေးထိန်းပါသေးတယ်..။ ကျွန်တော်ကရယ်ရင် အသံဗြဲကြီးနဲ့ ခုနှစ်မြို့ကြား
 ရှစ်မြို့ကြားရယ်တာ..။ မရယ်ပဲနေပြီ ငါးရာဖိုးသုံးခုပဲ ထားလိုက်ပါ မသုဇာတာ ရယ်လို့ပဲ
သူကစပြီး ဗြဲကနဲ ရယ်တော့ ကျွန်တော်လဲ အောင့်ထားတာတွေ လွတ်ချလိုက်တယ်..။
"ဟားဟားဟား ..ဗြဲ"
တစ်ခုတစ်ရာတန် မုန့်ဆီကျော်ကို ငါးရာဖိုးသုံးခု လေသံမာမာ နဲ့ ဆစ်ပစ်လိုက်တာနော်..။
သူက လှည့်ပြီးမေးသေးတယ်..။
"ဘာရယ်တာလဲ.." တဲ့..။
"ဟားဟား ဗြဲ"..
"ဘာရယ်တာလဲ လို့ဆို"
"ဟားဟား ဗြဲ.."
အဲ့ဒီနေ့က မယ်တင်တစ်ယောက် ရှက်ရမ်းရမ်းပြီး မုန့်ဆီကျော်ငါးရာဖိုးလုံး ယူလိုက်ပါတယ်..။
ကံဆိုးတာက ကျွန်တော်ပါ..။ ငါးရာဖိုး  မုန့်ဆီကျော်ငါးခုကို အကုန်ကျွန်တော့်တစ်ယောက်ထဲ
 စားခိုင်းပါတယ်..။ "မကုန်ရင် မခေါ်ဘူး"တဲ့..။ "နောက်ကိုရယ်ချင်ဦး" တဲ့..။
"ဟားဟားဟား ဗြဲ" ပြောရင်းနဲ့ ရယ်ချင်လာလို့ပါ..။ မယ်တင့်ကို ပြန်မပြောကြနဲ့နော်..။
မုန့်ဆီကျော်က အီတယ်ဗျ..။
No comments:
Post a Comment