Thursday, February 17, 2011

ကျည်တစ်တောင့်၏ အိပ်မက် (၁)

တစ်ခုသော ဒီဇင်ဘာလညဦး၏ ချမ်းအေးလှသော နှင်းမှုန်များကြားတွင် လူငယ်တစ်ဦးသည် တရွေ့ရွေ့စီးဆင်းနေသော မြစ်ပြင်ဆီသို့ မမှိတ်မသုန်ငေး၍ကြည့်နေလေသည်။ အအေးဒဏ်ကြောင့် အနက်ရောင်ဂျာကင်အင်္ကျီကို ကော်လံထောင်၍၀တ်ထားပြီး လက်နှစ်ဖက်လုံးကိုလည်း အနက်ရောင်ဂျင်းဘောင်းဘီ၏ ဘေးအိတ်နှစ်ဖက်အတွင်းသို့ မရမကထိုးထည့်၍ထားလေသည်။ ဦးခေါင်း၌ကား ဦးထုတ်တစ်စုံတစ်ရာမပါသဖြင့် ပခုံးအထိရှည်လျှားလျက်ရှိသော ဆံပင်တို့မှာ ဆောင်းလေအဝှေ့ဝယ် အလိုက်သင့်လွင့်ပါလျှက်ရှိ၏။
ရာသီဥတုဒဏ်ကို အတန်ငယ်ခံစားထာရသဖြင့် မျက်နှာမှာညှိုးငယ်နေသော်လည်း လူငယ်၏မျက်လုံးများကမူ မျှော်လင့်ချက်ဖြင့် တလက်လက်တောက်ပနေ၏။ ညာဘက်ဘောင်းဘီအိတ်အတွင်းရှိ သူ၏လက်ဖ၀ါးထဲတွင် သူ၏ဖခင်ချန်ရစ်ခဲ့သော တစ်ခုတည်းသောအမွေအဖြစ် ကျည်ဆံလေးတစ်တောင့်။ ဤကျည်ဆံလေးသည် သူအမြတ်တနိုး တန်ဖိုးထားစရာ တစ်ခုဖြစ်သလို သူ၏ပခုံးပေါ်ကျရောက်လာသည့် တာဝန်တစ်ခုလည်းဖြစ်သည်။ သူဘယ်လက်ဖြင့် ဂျာကင်အတွင်းအိတ်ကို စမ်းကြည့်လိုက်သည်။ စာတစ်စောင်က နေသားတစ်ကျပင် လှဲလျှောင်းလျှက်ရှိသည်။ သူဒီလိုနေရာကို ဒီလိုအချိန်ရောက်ရှိနေခြင်းမှာ လွန်ခဲ့သောနှစ်ရက်က သေအံ့မူးမူးဖြစ်နေသော သူ၏ဖခင်က နောက်ဆုံးအမှာစကားကို ပြောရင်း သူ့လက်ထဲသို့ထဲ့ပေးလိုက်သော ဒီစာလေးကြောင့်ဖြစ်သည်။ ထိုစဉ်ကဖခင်ကြီး၏စကားကို သူနားထဲကြားယောင်နေမိသေးသည်။
“သား...စနေ....အဖေ့နားကိုလာပါဦး..”

No comments:

Post a Comment