Thursday, February 17, 2011

ကျည်တစ်တောင့်၏ အိပ်မက် (၆)


သူတို့ဆိပ်ကမ်းအရောက်တွင်တော့ မစ္စတာ အာသာ မျက်လုံးပြူးသွားသည်..။ နည်းတဲ့သတင်းထောက်တွေ မဟုတ်..။ ဒီတစ်ခါတော့ ဒီသတင်းထောက်တွေကို ဘယ်လိုမှရှောင်မရတော့ပေ..။ အမေးအမြန်းထူလှသော ထိုသတင်းထောက်များကို အာသာ မကြိုက်..။ ဒင်းတို့တစ်သိုက်ကြောင့် သူဒုက္ခရောက်ပေါင်းများလှပြီ..။ နောက်ဆုံးတစ်ခေါက် ဟောင်ကောင်အခြေဆိုက်ဖြစ်သော CNN သတင်းဋ္ဌာနမှ.. သတင်းထောက် ကလစ်ဖို့ဒ်ဆိုင်မွန်နှင့် စကားများပြီးသည့်နောက်ပိုင်း ဘယ်သတင်းထောက်ကိုမှ သူအတွေ့မခံတော့ပေ..။ တကယ်တမ်းတော့ သူ့လို ဟောင်ကောင်ထိပ်တန်း စီးပွားရေးသမားတစ်ဦးအဖြစ် လူသိများနေသူတစ်ဦးအဖို့ သတင်းထောက်များစိတ်ဝင်စားခြင်း၊ မေးမြန်း အင်တာဗျူးချင်ကြခြင်း တို့ကိုအပြစ်တင်၍မရပေ..။ သူကလဲ ထိုကဲ့သို့ မေးခွန်းကောင်းမျိုးကို အပြစ်တင်ပါ..။ သို့သော် ထို CNN ငနဲကတော့ လွန်လွန်းသည်..။ သူဘယ်လိုချမ်းသာလာလဲမေးသည်..။ သူဘယ်ကလာလဲမေးသည်..။ သူဘာတွေလုပ်နေလဲမေးသည်..။ ထိုမေးခွန်းများအတွက် သူလက်ရုံးများက အဆင်ပြေပြေဖြေနိုင်အောင် ပြင်ဆင်ပေးပြီးဖြစ်ပေမယ့် ဒင်းကရိုးရိုးမေးခြင်းမဟုတ်..။ သူပြောသလောက်နှင့်မကျေနပ်နိုင်ပဲ ထောက်ကွက်ပေါင်းများစွာဖြင့် အမှုစစ်သလို စစ်တော့သည်...။ သူသာ အဖြေမှားခဲ့လျှင် သို့မဟုတ် အမြန်သာမောင်းမထုတ်ခဲ့လျှင် သူဖုံးဖိထားသမျှ နောက်ကြောင်းအကုန် ပေါ်မလားတောင်မသိ..။
ထိုအချိန်မှစ၍ သူကလဲ မီဒီယာသမားဆိုလျှင် အကပ်မခံတော့..။ မီဒီယာသမားတွေကလည်း သူကို ဆက်ဆံရေးမပြေပြစ်သူ တစ်ဦးအဖြစ် အပြစ်မြင်ကြသည်..။ စိတ်ဝင်စားမှုတော့ လျှော့မသွားကြပေ..။ ဒီတစ်ခါတော့ ရှောင်လွဲ၍ မရတော့..။ အာသာ ကားပေါ်မှဆင်းလိုက်သည်..။ ကင်မရာတွေ မိုက်တွေ သူ့နားသို့ တစ်ဟုန်ထိုးပြေးကပ်လာကြသည်..။
---x---x---x---x---x---x---x---
စနေ အိပ်ရာမှနိုးတော့ တော်တော်အံ့သြသွားသည်..။ မနေ့က သူနှင့်ဇွဲတို့နှစ်ဦး ပျင်းရိဖွယ်ကောင်းလှသော မက်ဒီတာရေးနီးယမ်း၏ အဆုံးအစမဲ့ ရေပြင်ကို ထိုင်ငေးရင်း အိပ်ချင်လာသဖြင့် စောစောအိပ်ရာဝင်ခဲ့ကြသည်..။ ဒီနေ့မနက် နိုးတော့ သူနားထဲတွင် ကားသံ လူးသံ စက်ခုတ်မောင်းသံ တွေဆူညံနေသည်..။ အိန္ဒိယကို ရောက်တာလဲမဖြစ်နိုင်.. ။ မက်ဒီတာရေးနီးယမ်းပင်လယ် နှင့် အိန္ဒိယနိုင်ငံမှာ မြေပုံထဲတွင်သာ လက်တစ်ထောက်ဖြစ်သည်..။ အပြင်မှာ တစ်ညထဲနှင့်ဘယ်လိုမှမရောက်နိုင်..။ ပင်လယ်ထဲမှာလည်း သဘောများ ကားဟွန်း တပ်ထားခြင်းမဖြစ်နိုင်ပေ..။ စနေ အလန့်တကြား ဇွဲကိုနှိုးလိုက်သည်..။
"ဇွဲ... ဟေ့ကောင်.. ဇွဲ .. ထဦး..ကြည့်ဦးဟ"
ဇွဲက အိပ်ချင်မူးတူးနှင့် စောင်ကို ခေါင်းမြီးခြုံပြီး တစ်ဖက်သို့လှည့်သွားသည်..။ စနေ စိတ်မရှည်တော့..။ စောင်ကိုဆွဲခွာလိုက်ပြီး..
"အာ..ဒီကောင်နဲ့တော့ .. ထစမ်းပါ.. နားထောင်ကြည့်ဦး.."
ရုတ်တရက် ဇွဲငေါက်ခနဲကောက်ထကာ..
"စနေ... ဘာသံတွေလဲ.. ငါတို့ပင်လယ်ထဲမှာမဟုတ်ဘူးလား.."
"အေး.. ငါမင်းကို နှိုးနေတာကြာလှပြီ.. အဲ့ဒါပြောမလို့.."
စနေနှင့် ဇွဲတို့နှစ်ယောက် ကုန်းဘတ်ပေါ်သို့ အပြေးတက်ကြည့်မိကြသည်..။ ဧရာမ သင်္ဘောကြီးတစ်စီး၏ ၀မ်းဗိုက်က သူတို့မျက်နှာရှေ့ရောက်နေသည်..။ သူတို့ သင်္ဘောလေး က ထိုသင်္ဘောကြီး၏ ဗိုက်တွင်တွယ်ကပ်နေသော သစ်သားစကလေးနှယ်..။ တစ်ဖက်ကိုပြေးကြည့်တော့.. ကားတွေ တစ်ဝီ၀ီသွားလာနေသော ဆိပ်ကမ်းတစ်ခုကိုလှမ်းမြင်ရသည်..။ သူတို့ရှေ့မှာကော နောက်မှပါ သင်္ဘောတွေမှ အပြည့်..။ ဒါဘယ်နေရာလဲ..။ စနေတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်စွာကြည့်မိသည်..။
"ဒါ..ဒါ.."
"ဝေး....."
ဇွဲ ကပျော်ရွှင်စွာအော်၍ ကုန်းဘတ်ပေါ်တွင် လှမ့်နေသည်..။

No comments:

Post a Comment