Thursday, February 17, 2011

ကျည်တစ်တောင့်၏ အိပ်မက် (၂)

"သား... စနေ အဖေပြောတာသေချာနားထောင်နော်..."
တစ်လုံးခြင်း ပင်ပန်းကြီးစွာပြောနေရသော သူ၏ဖခင် ဦးနေသာကို စနေစိတ်မကောင်းကြီးစွာကြည့်လိုက်၏...
"ဟုတ်ကဲ့ပါ အဖေ... သားနားထောင်နေပါတယ်..."
"အဖေမနေရတော့ဘူးဆိုတာ အဖေ့ကိုအဖေသိတယ်... သား... အဖေမရှိတော့တဲ့နောက် သားကို လုပ်စေချင်တာတွေ အဖေမှာခဲ့ချင်တယ်..."
ဦးနေသာသည် ခေါင်းအုံးအောက်မှ စာအိတ်ညိုကြီးတစ်အိတ်ကို ဆွဲထုတ်လိုက်ပြီး...
"ဒီထဲမှာ အဖေမှာချင်တာတွေ အားလုံးပါတယ်... သား... အဖေမရှိတော့ရင် သား စိန့်လူးဝစ်စ် ဆိပ်ကမ်းကိုသွား... အဲဒီကို နှစ်ညတစ်ခါလာတဲ့ Blue Maria ဆိုတဲ့ သင်္ဘောကိုရှာ... အဲဒီသင်္ဘောရဲ့ ပိုင်ရှင်လည်းဟုတ် မာလိန်မှူးလည်းဟုတ်တဲ့ ဂျွန်နီဆိုတာ အဖေ့ရဲ့သူငယ်ချင်းပဲ... သားလိုအပ်တာတွေအားလုံးကို သူကူညီပေးလိမ့်မယ်..."
ထိုစကားများပြောပြီး အိပ်ပျော်သွားသော သူ၏ဖခင်သည် နောက်နေ့မနက်တွင်မူ ပြန်လည်နိုးမထလာတော့ပေ...ဇာပနကိစ္စပြီးသည့် နောက်နေ့မှပင် သူ စာအိတ်အားဖွင့်ကြည့်ဖြစ်တော့သည်... စာအိတ်၏ တစ်ဖက်စွန်းကို သေချာစွာညှပ်၍ စာအားဆွဲထုတ်လိုက်ချိန်တွင် စာနှင့်အတူ "ဒေါက်"ခနဲ သူ၏ရှေ့မှ စားပွဲပေါ်သို့ထွက်ကျလာသော အရာမှာကား ကျည်ဆန်လေးတစ်တောင့် ပင်ဖြစ်သည်... စာအတွင်း၌ပါသော အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်တော့သည်...
"သား... စနေ...
သားဒီစာကိုဖတ်နေချိန်မှာ အဖေဟာ လူ့လောကမှာရှိတော့မှာမဟုတ်ဘူး... အဖေဟာ ဟိုးအရင်တုန်းက ဥပဒေဘက်တော်သားတစ်ဦးဆိုတာ သားသိတယ်နော်... သားမမွေးခင် နှစ်နှစ်လောက်က နယ်စပ်မြို့လေးတစ်မြို့မှာ အဖေတာဝန်ကျခဲ့တယ်... အဲဒီအချိန်က ဒုစရိုက်သမားတွေ မှောင်ခိုသမားတွေ ဘိန်းကုန်သည်တွေ ခြေချင်းလိမ်နေကြတဲ့အချိန်ပေါ့ သားရယ်... ပထမတော့ အဖေတို့မြို့က လူဆိုးသူခိုးတွေက တစ်ဖက်နိုင်ငံက စီးပွားရေးသမားတွေနဲ့ ပေါင်းပြီးမှောင်ခိုတွေစလုပ်ကြတယ်... တွက်ချေကိုက်မှန်းသိလာတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားတဲ့ လူကောင်းတွေပါ စိတ်ပါလာပြီး... ပေါ်တင်တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်လာကြတယ်... ဒုစရိုက်သမားတွေအကြိုက်ပေါ့ သားရယ်..အဖေတို့တပ်ဖွဲ့လည်း လက်လှမ်းမှီသလောက် လိုက်ပြီးဖမ်းဆီးလာတော့ ငွေနဲ့လာဘ်ထိုးဖို့ ကြိုးစားလာကြတယ် .. ဒါပေမယ့်အဖေတို့တပ်ဖွဲ့ကတော့ မလျှော့တမ်းဖမ်းဆဲပဲ ..ဒီလိုနဲ့ တစ်နေ့ အဖေတို့နယ်မှာ အကြီးဆုံးမှောင်ခိုဂိုဏ်းတစ်ခုဖြစ်တဲ့ ပယင်းနဂါးဂိုဏ်းရဲ့ ခေါင်းဆောင် အာသာကနေ ဒီနယ်မြေကိုတာဝန်ယူထားရတဲ့ အဖေဆီကို စာအိတ်လေးတစ်အိတ်ပို့လိုက်တယ် ..အဲ့ဒီစာအိပ်မှာ ပယင်းနဂါးဂိုဏ်ရဲ့ တံဆိပ်ချိပ်ပိတ်ထားတာကလွဲပြီး ဘာစာမှမပါဘူး အထဲမှာတော့ ရွှေဒင်္ဂါးတစ်ပြားနဲ့ ကျည်ဆန်တစ်တောင့် ပါလာတယ်..သဘောကတော့ကြိုက်တာရွေးပေါ့သားရယ်...အဲ့ဒီအချိန်မှာ အဖေအမှာတစ်ခု ကျူးလွန်ခဲ့မိတယ်..မိသားစုအတွက် တစ်စက်လေးမှ ထည့်မတွက်ဘဲ အဖေ့သိက္ခာ အဖေ့မာနအတွက်ပဲ ကြည့်ဆုံးဖြတ်ပြီး ရွှေဒင်္ဂါးပြားကို ပြန်ပို့လိုက်တယ်သား ...ဘာမှထွေထွေထူးထူး ဖြစ်မလာတော့ အဖေစိတ်အေးလက်အေး ဖြစ်သွားတယ် သားမွေးပြီးတဲ့အချိန်အထိပဲ ...သားမွေးပြီးလသားအရွယ်မှာပဲ .အဖေ ပြည်မကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျတယ်...အဖေ လက်မထောင်ပြီလေ..လူကောင်းကလူဆိုးကို ကြောက်စရာမလိုဘူး ...လူဆိုးကသာလူကောင်းကို ကြောက်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ပေါ့ကွယ်..ကြောက်ပါတယ်.. သူတို့ကြောက်ကြပါတယ်.. အဖေကိုပေါ်တင် ဘာမှမလုပ်ရဲခဲ့ကြဘူး.. ပြောင်းရွှေဖို့ထွက်လာတဲ့ အဖေတို့ကားကို လမ်းကနေခြုံခိုပြီး ပစ်ကြတယ်.. သားကိုဘာမှမဖြစ်အောင် ကာကွယ်လိုက်နိုင်ပေမယ့် .. သားအမေရဲ့အသက်နဲ့ အဖေရဲ့ ခြေထောက်တစ်ဖက်ကို စွန့်လွှတ်လိုက်ရတယ်..သား.. အဲ့ဒီအာသာဆိုတဲ့ကောင်ဟာ အဖေတို့အပါအ၀င် မိသားစုပေါင်းများစွာကို ဒုက္ခပေးခဲ့ပေမယ့် သူကတော့ကောင်းကောင်းမွန်မွန်ပဲ ရှိနေသးတယ်.. အဖေသူ့ကို အပြစ်ပြန်ပေးချင်တယ်သားရယ်.. တရားမျှတမှုကို အဖေလိုချင်တယ်... သားလည်းအရွယ်ရောက်ပြီ.. အဖေမလုပ်နိုင်ခဲ့တဲ့တာဝန်ကို သားကိုအဖေ လွှဲခဲ့မယ်... အဖေ့လို ဥပဒေဘောင်ထဲက ကြိုးစားရင်တော့ ကန့်သတ်ချက်တွေများလိမ့်မယ်သား.. ဒီတော့သူ့နားကို အနီးဆုံးရအောင်ကပ်ပါ .. အနီးဆုံးရောက်ပြီမှ တော့ ကျန်တာမခက်တော့ဘူး..ဒီစာကိုဖတ်ပြီးတာနဲ့ သား..အဖေ့ရဲ့သူငယ်ချင်း အန်ကယ်ဂျွန်နီကို သွားရှာပါ..အကြောင်းစုံကိုပြောပြပြီး သူဆီမှာအကူအညီတောင်းပါ... သူအားလုံးကူညီပေးလိမ့်မယ်..
အဖေ့ရဲ့သားအန္တရာယ်ရန်စွယ်ဟူသမျှကိုကျော်လွှားနိုင်ပါစေကွယ်
သားရဲ့အဖေ..
နေသာ..
၁၂-၅-၁၉၉၉"
သူ၏ဖခင် ပြောသည့်အတိုင်းဆိုလျှင် ဤဆိပ်ကမ်းပဲဖြစ်သည် .. လွန်ခဲ့သောနှစ်ရက်က Blue Maria သင်္ဘော လာခဲ့သည် ဟုဆိပ်ကမ်းအလုပ်သမားများထံမှ သိခဲ့၏..ဤအတိုင်းမှန်လျှင်..ဒီနေ့ည တစ်ခေါက်လာရပေမည်.. သူတာဝန်ကျေရမည်..စိတ်ချလက်ချနှင့် နောက်ဆုံးပြုံးခဲ့သော ဖခင်၏ပြုံးကိုသူဘယ်တော့မှမမေ့..ချမ်းအေးလှသည့် နှင်းများကြားမှာပင် မြစ်ပင်ပေါ်သို့ သူစိတ်အားထက်သန်စွာ စောင့်ကြည့်နေမိသည်..
ရုတ်တရက်...

No comments:

Post a Comment