Thursday, February 17, 2011

ကျည်တစ်တောင့်၏ အိပ်မက် (၃)

ရုတ်တရက် မှောင်ပိတ်နေသောနှင်းမှုန်များကြားမှ အလင်းရောင် ဖြတ်ခနဲ ဖြတ်ခနဲ နှစ်ချက်လှမ်းမြင်လိုက်ရသည်...။ ဆိပ်ခံတံတားပေါ်မှ လူတစ်ယောက်ကလည်း မီးအိမ်တစ်လုံးဖြင့် ပြန်၍အချက်ပြနေသည်..။ ပုံမှန်မဟုတ်ဟု သူ့စိတ်ထဲထင်မိသော်လည်း ဘာမှမဟုတ်ပါဘူးလေဟု သူပြန်တွေးလိုက်သည်..။ မိနစ်အနည်းငယ်အတွင်း နှင်းမှုန်များကြားမှ ဘွားခနဲထွက်ပေါ်လာသော နက်ပြာရောင်သင်္ဘောဧရာပေါ်တွင် ဆေးအဖြူဖြင့်ရေးထားသည့် Blue Maria ဆိုသောစာတန်းကို လှမ်းမြင်လိုက်မှ ဆိပ်ခံတံတားပေါ်သို့ဝမ်းသာအားရ ပြေးဆင်းသွားမိသည်..။ ဆိပ်ကမ်းအလုပ်သမားများဖြင့် ရှုပ်ရှက်နေသောကြောင့် ချက်ချင်းဘယ်သူ့ကို မေးလို့မေးရမှန်းမသိ ဖြစ်သွားသည်..။ ထိုအချိန်တွင် သင်္ဘောပဲ့ခန်းအတွင်းမှ ခေါင်းငုံ၍ထွက်လာသော လူထွားကြီးတစ်ဦးကိုတွေ့လိုက်ရသည်..။ ခေါင်းပေါ်တွင်ဆောင်းထားသော သင်္ဘောကပ္ပတိန်များ ဆောင်းလေ့ရှိသည့် ပီးကပ်တစ်လုံးနှင့် မလိုက်ဖက်စွာပင် လောင်းကုတ်အင်္ကျီ ညိုညစ်ညစ်ကြီးကို ဘိုသီဘတ်သီဝတ်ထားသည်..။ ဒါကပ္ပတိန်ပဲဟုတွေးလိုက်သဖြင့် ဆိပ်ခံပေါ်မှအော်၍ မေးလိုက်သည်..။
"မစ္စတာဂျွန်နီလားခင်ဗျာ"
"ဘာဖြစ်တယ်"
သူကြားဟန်မတူ..။ ပါတ်ဝန်းကျင်၌ ဆိပ်ကမ်းအလုပ်သမားများကြောင့် ဆူညံနေသဖြင့် သူအသံမြင့်၍..
"မစ္စတာဂျွန်နီများလားခင်ဗျာ"
သူကြားပုံမရ..။ အော်ရသည့်သူသာ အသံများပင်ဝင်ချင်လာသည်..။ လူထွားကြီးက အသံဝါကြီးနှင့် ပြန်အော်သည်...။
"ဟေ့..ငါဘာမှမကြားရဘူးဟေ့..ပြောစရာရှိရင် တက်ခဲ့"ဟု ပြောကာပြန်ဝင်သွားသည်..။
သူကတက်ခဲ့ဟုသာပြောသည် အလုပ်သမားနှင့် ပြည့်နှက်နေသော ကုန်းပေါင်ပေါ်သို့ စနေဘယ်လိုတက်ရမှန်းမသိ..။ ထိုအချိန်တွင် ပဲ့ခန်းနေရာမှ ကြိုးလှေကားတစ်စင်း လျှောခနဲကျလာသည်..။ လူကိုတော့မမြင်ရ..။ အသံဝါကြီးသာပေါ်လာသည်..။
"ကဲပြော...မင်းခုနကအော်နေတဲ့ဟာကို"
စနေ တတိရအကြိမ်ပြန်ပြောလိုက်သည်..။
"မစ္စတာဂျွန်နီလားခင်ဗျာ"
"အေး..ဟုတ်တယ် ..ငါဂျွန်နီပဲ ..မင်းကဘယ်သူလဲ.. ဘာကိစ္စလဲ..ကဲလာထိုင်ပါ ..ထိုင်ပြီးမှပြော"
စနေပဲ့ခန်းအတွင်းသိုဝင်ကာ ကြမ်းပေါ်မှာပင် ထိုင်ချလိုက်သည်..။
"ကျွန်တော် ဦးနေသာရဲ့ သားပါ."
"ဟေ..မင်းကနေသာ့ သားလား..ဟားဟားဟား.." ဘာမှမပြောရသေးပဲ အားရပါးရရယ်နေ၏..။ပြီးမှ
"ဒါကြောင့် မင်းမျက်နှာကို ငါတွေ့ဖူးပါတယ်ထင်နေတာ.. နေသာရောနေကောင်းလား.. ဟားဟားဟား... ငါတို့ကတော့သူ့ကို နေသာလို့မခေါ်ဘူးဟေ့..နေပယ်လ်လို့ခေါ်တာ..မင်းအဖေက နေပယ်လ်ကမ်းခြေကို သိပ်သဘောကျတာကွ ..သူတို့နိုင်ငံကကမ်းခြေနဲ့တူသတဲ့ကွာ..ဟားဟားဟား.."
စကားတစ်ခွန်းပြောလိုက် တစ်ခါရယ်လိုက်လုပ်နေသည်..။
"ဟုတ်ကဲ့..အဖေဆုံးသွားပါပြီ.."
"ဟေ..." ရယ်နေသော မျက်နှာကြီး ရုတ်တရက်တည်သွားသည်..။
"ဘယ်လိုဖြစ်ရတာလည်းကွာ.. အေးလေ..သူလည်းဒုက္ခိတဘ၀က ၀ဋ်ကျွတ်တာပေါ့ကွာ..ကဲပြော
..ငါ့ကိုလာတွေ့တာ.. ဘာကိစ္စလဲ.."
သူပုံစံက ကိစ္စတစ်ခုကို အကြာကြီးစိတ်ဆင်းရဲခံမည့်ပုံ မပေါ်...
"ကျွန်တော့်ကို အဖေမသေခင် ဒီစာလေးပေးသွားပါတယ်.."
စနေ အိတ်ကပ်ထဲမှ စာအိတ်ကို ထုတ်၍ပေးလိုက်သည်...။ မစ္စတာဂျွန်က လှမ်းယူပြီး မီးအိမ်အနားသို့တိုး၍ ဖတိနေသည်..။ အတန်ကြာမှ..
"အေး..ဒီကိစ္စတွေက ကြာခဲ့ပြီပေါ့ကွာ.. ဒါပေမဲ့ ဒီ အာသာဆိုတဲ့ကောင်ရဲ့ ယုတ်မာမှုမီးလျှံတွေကတော့ အခုထိ တငွေ့ငွေ့လောင်လို့ကောင်းတုန်းပဲဟေ့..ငါမင်းကို ဘယ်လိုကူညီရမယ်ဆိုတာ သိသွားပြီ..မင်းငါ့ကို အန်ကယ်ဂျွန်လို့ ခေါ်လို့ရတယ်.. မင်းခေါ်ချင်သလိုခေါ်ပါလေ... ဒါကအရေးမကြီးပါဘူး.. အဓိက..က အာသာဆိုတဲ့ကောင် အခုဘယ်မှာလဲ ဆိုတာတော့ အရင်ရှာရမယ်.."
"အန်ကယ်..အဲ..အန်ကယ်ဂျွန်က မသိဘူးလား..."
"အေး.. မသိဘူးကွ..ငါဒီကောင်တွေနဲ့ ထိပ်တိုက်မတွေ့အောင် နေတာကြာပြီ.. ဘာလည်းနေရာသိတော့ မင်းက အခုချက်ချင်းသွားဆော်မလို့လား.."
"ဒါပေါ့.." သူမကျေမချမ်း ပြန်ပြောလိုက်ရာ..
"ဟားဟားဟား..." အသံဝါကြီးနှင့် ထရယ်ပြန်သည်..
"အခုအချိန်မှာ မင်းသူ့ကိုဘာနဲ့ သွားယှဉ်မှာလဲ...သူနားမကပ်နိုင်ခင် မင်းအမှုန့်ဖြစ်သွားမှာ အသေအခြာပဲငါ့ကောင်..ဟားဟားဟား...ကဲ...အခုလောလောဆယ် ငါ့သင်္ဘောနဲ့လိုက်ခဲ့...မင်းမှာသင်ယူစရာတွေ အများကြီးရှိသေးတယ်.. နောက်ပြီးမင်းတစ်ယောက်ထဲ လုပ်လို့မရဘူး..ပါတနာကောင်းကောင်းရှာ"
"အန်ကယ်ဂျွန်က..ကျွန်တော့်ကို မကူဘူးလား...အန်ကယ်ဂျွန်က ပါတနာပဲပေါ့.."
"ဟားဟား..ငါကအသက်ကြီးပြီလေ..ဖျတ်လပ်မှုကျတော့ လူငယ်တွေကို မမှီဘူးဟေ့.. ကဲကဲ.. နောက်မှဆက်ပြောတာပေါ့..မင်းနားချင်ပြီထင်တယ်..ဆမ်...ဆမ် ..ဒီလာဦး."
အန်ကယ်ဂျွန် သူ့သင်္ဘောသားတစ်ယောက်ကို လှမ်းခေါ်လိုက်သည်..။ ဆမ် ဆိုသောလူမည်းကြီးတစ်ဦး ရောက်လာသည်..မျက်နှာမှာ အမာရွတ်ဘလဘွနှင့် ကြမ်းတမ်းလှသော်လည်း သဘောကောင်းပုံတော့ရ၏..။
"ဆမ်..ဒါငါ့တူပဲ..ဒီနေ့ကစပြီး ..ငါတို့သင်္ဘောနဲ့ လိုက်မယ် ..ကောင်လေး.. ဒါ ငါတို့သင်္ဘောရဲ့ထမင်းအိုးကြီး ဆမ်တဲ့.. သူမျက်နှာကြီးကြည့်ပြီး လန့်မသွားနဲ့နော်.. ဟင်းချက်တော့အလွန်ကောင်းတဲ့ ကောင်ကြီးကွ..ဟားဟားဟား.. ဒါနဲ့နေပါဦး. .မင်းနာမည်က စနေနော်.."
"ဟုတ်ကဲ့အန်ကယ်..ကျွန်တော်စနေပါ.."
အန်ကယ်ဂျွန်က ခေါင်းတစ်ချက်ငြိမ့်၍ ဆမ်ဘက်သို့လှည့်ကာ
"ကဲ..ဆမ်..မင်းလည်းမှတ်ထား..စနေတဲ့..မင်းနေတဲ့အခန်းမှာပဲ နေရာပေးလိုက်..ကြားလား."
ဆမ်ကဘာမှပြန်မပြောပဲ ခေါင်းငြိမ့်ပြလိုက်ပြီး စနေ့လက်ကိုအသာဆွဲကာ အခန်းအတွင်းမှထွက်လိုက်သည်..။
"ဒါနဲ့ ကောင်လေး...စနေ.." နောက်မှ အသံဝါကြီးထွက်လာပြန်သည်..။
"မင်း သေနတ်ပစ်တတ်သလား"
"ဟုတ်ကဲ့ အဖေကောင်းကောင်းသင်ပေးထားပါတယ်.." စနေဂုဏ်ယူစွာပြောလိုက်သည်...။
"အေး..ကောင်းတယ်ကောင်းတယ်..ကဲကဲ..သွား."
သူဆမ်နောက်သို့ အပြေးလိုက်သွားသည်..။ အန်ကယ်ဂျွန်ပြောတာမှန်၏..။ ဆမ် သည်ရုပ်ဆိုးသော်လည်း အလွန်သဘောကောင်းသည်..။ သူကိုလိုလေသေးမရှိအောင်ကို ဂရုစိုက်သည်..။ သို့သော် စကားတော့သိပ်မပြော..။သူ ဆမ့်ကိုမေးကြည့်တော့ "စကားများများပြောတော့ အမှားပါတာပေါ့ကွာ" ဟုသာ အေးအေးပြန်ပြောသည်..။ ထိုနေ့မှစ၍ စနေသည်..သင်္ဘောပေါ်မှာနေ သင်္ဘောပေါ်မှာစားနှင့် သင်္ဘောသားတစ်ပိုင်းဖြစ်ခဲ့သည်..။ ကမ်းကပ်သည့်အချိန်များသာ အနည်းငယ်အလုပ်ရှိသော်လည်း.. ပင်လယ်ပင်သိုထွက်နေရသော ကျန်အချိန်များ၌ကား လွန်စွာမှပျင်းရိဖွယ်ကောင်းလှသည်..။ ဆမ်က သူတို့ရိုးရာပုလွှေကြီးဖြင့် အပန်းဖြေလေ့ရှိသည်..။ သူ၏ပုလွေသံဖြင့် အခြားသင်္ဘောသားများက ၀ိုင်း၍ကခုန်ကြသည်..။ စနေကတော့ အန်ကယ်ဂျွန်သင်ကြားပေးသော..သေနတ်ပစ်ခြင်းနှင့် အခြားကိုယ်ခံပညာများကို နေ့စဉ်သင်ကြားရသည်..။ သူအာသာ့အား သွား၍ပညာပေးရန်မျှော်လင့်ချက်ကား မှုန်ပြပြသာ မြင်ရသေးသည်..။ လောလောဆယ် ဘယ်မှာစခန်းချလို့ ဘယ်မှာသာယာနေသည် ဆိုသည်ကိုပင်မသိရ ..။ ဒီလိုနှင့် တစ်ခုသော တနင်္ဂနွေနေ့ ..။ သူတို့သင်္ဘော ဂျိတ်စကွဲယားဆိပ်ကမ်းသို့ ဆိပ်ကပ်နားနေစဉ် အန်ကယ်ဂျွန်သည် သင်္ဘောပေါ်သို့ လူငယ်တစ်ဦးကို ခေါ်လာခဲ့သည်..။ စနေနှင့်သက်တူရွယ်တူလောက် ရှိချေမည်..။ အသားအနည်းငယ်ညိုသော်လည်း ယောင်္ကျားပီသသော ရုပ်ရည်မျိုးရှိသည်..။ ပညာတတ်၍ ဦးနှောက်ကို အလုပ်ပေးတတ်သော ပုံမျိုးဖြစ်သည်..။ ထိုလူငယ်သည် တစ်ဘက်တစ်ချက်၌ လူပင်ဝင်ထိုင်၍ရလောက်သော သေတ္တာကြီးနှစ်လုံးကို မနိုင့်တနိုင်ဆွဲ၍ သင်္ဘောပေါ်သို့ တက်လာလေသည်..။ အန်ကယ်ဂျွန်က သူ့အားလှမ်း၍
"ဟေ့..စနေ..လာပါဦး ..မင်းကိုမိတ်ဆက်ပေးရဦးမယ်.. ဒါမင်းရဲ့ အသစ်စက်စက် ပါတနာပဲ..အာသာရဲ့မြေစာပင် နောက်တစ်ပင်ပေါ့ကွာ.."
"သူ့နာမည်က...ဇွဲ ...တဲ့"

No comments:

Post a Comment