"သူ့နာမည်က...ဇွဲ ...တဲ့"
စနေ သူ့ကိုသေခြာလှမ်းကြည့်လိုက်သည်..။ အသားညိုညို မြန်မာဆန်ဆန် ရုပ်မျိုးဖြစ်ပြီး ငုတ်စိစိနုတိခမ်းမွှေး နှင့် ဘိုသီဘတ်သီနိုင်လှသောဆံပင်က အပေါ်ယံတွေကို ဂရုမစိုက်မှန်းသိသာလှသည်..။ အန်ကယ်ဂျွန်ကဆက်၍..
"သူက ဟားဗတ်စ် ကနေ နာနိုတက္ကနိုလော်ဂျီနဲ့ ဒီဂရီတစ်ခုရထားတယ်... အာသာကြောင့်တစ်ကောင်ကြွက်ဖြစ်သွားတဲ့ သူ့အတွက် သူ့မိဘတွေရဲ့အမွေဆိုလို့ ဒီပညာတွေ သင်ပေးလိုက်နိုင်တာပဲရှိမယ်....ကဲ.ဇွဲ...ဒါကတော့..စနေတဲ့..လှုပ်လှုပ်ရှားရှားနေရာတွေအတွက် တာဝန်ယူလိမ့်မယ်..."
သူလည်းကိုယ်လို တစ်ကောင်ကြွက်တစ်ဦးပါလားဟူသော အသိဖြင့် သူဇွဲကို လှိုက်လှိုက်လှဲလှဲ ပြုံးပြမိသည်..။
"ငါ့နာမည်..စနေ..မင်းပုံကြည့်ရတာ လက်ရုံးရည်ထက် ဦးနှောက်ကိုပိုပြီး အသုံးချတတ်တဲ့ပုံပေါ်တယ်.. မင်းကငါ့ရဲ့ ဦးနှောက်အပိုတစ်စုံပေါ့ကွာ ..ဟုတ်လား"
ဇွဲကခေါင်းငြိမ့်ပြပြီး..
"အေး..ဒါဆိုမင်းက.. မင်းကငါရဲ့ ခြေလက်အပိုတစ်စုံပေါ့.."
"ဟား..ဟားဟား" အန်ကယ်ဂျွန်၏ ရယ်သံကြီးအကြားတွင်.. သူတို့နှစ်ဦး၏ရင်းနှီးမှုက ပိုမို၍နွေးထွေးသွားကြသည်..။
နောက်ရက်များတွင် စနေ၏လေ့ကျင့်ခန်းများကို ဇွဲ စိတ်ဝင်တစားလိုက်ကြည့်တတ်သလို ဇွဲ၏သေတ္တာကြီးနှစ်လုံးထဲမှ ပစ္စည်းအသစ်အဆန်းများသည်လည်း သင်္ဘောပေါ်တွင် ဘာအလုပ်မှမလုပ်ရသဖြင့် ပျင်းရိလျှက်ရှိသော စနေအတွက် စိတ်ဝင်စားစရာတစ်နေရာဖြစ်လာသည်..။ တစ်ခုသောမနက်ခင်း၌ စနေတစ်ယောက် သဘောဦးတွင်ထိုင်၍ လူမည်းကြီးဆမ် ပြင်ဆင်ပေးသော မနက်စာကော်ဖီနှင့် ပေါင်မုန့်ကြမ်းကိုကိုင်ကာ ပင်လယ်ပြင်ကိုငေးကြည့်နေခိုက်..
"စနေ..ငါကိုသေနတ်ပစ်ပြစမ်းပါ.."ကော်ဖီခွက်လေးကိုကာ ကုန်းပတ်ပေါ်တက်လာသော ဇွဲက သူ့ကိုလှမ်းပြောသည်..။
"ဟေ..ငါနေ့တိုင်းပစ်နေတာပဲလေ.."
"မဟုတ်ဘူးလေကွာ..မင်းဘယ်လောက်ကျွမ်းကျင်ပြီလဲဆိုတဲ့ Skill ကိုကြည့်ချင်တာ.."
"သြော် .. ဟုတ်ပြီ.. မင်းက ငါ့ရဲ့ပညာခန်းကိုမြင်ချင်တာကို..ဟားဟား"
ဇွဲကနှာခေါင်းရှုတ်၍
"ဘာမှမပြရသေးဘူး..မြောက်နေပြီ.."
"ကဲ..သွား ..ဆမ့်ဆီမှာ ထမင်းစားခန်းက ကြွေပန်းကန်အကွဲတွေရှိတယ်.. သွားတောင်းခဲ့"
"ဘာလုပ်မလို့လဲ..ဒီကြွေပန်းကန်တွေက..." ဇွဲကမျက်နှာမဲ့လျှက်ပြောသည်.. "ငါ ..သွားယူရမှာ.. ပျင်းတယ်ဟ"
"မင်းပဲကြည့်ချင်တယ်ဆို.. ဇွဲရ..မင်းကကြွေပန်းကန်ကွဲတွေကို ..လေထဲကိုကြိုက်သလိုပစ်.. ငါကသေနတ်နဲ့ မလွတ်တန်းလိုက်ပစ်ပြမယ်.."
"လွဲရင်.."ဇွဲကမယုံသလိုပြန်မေးသည်..။
"တစ်ချက်လွဲရင်..ငါမင်းကိုဒီည နှိပ်ပေးမယ်..လုံးဝမလွဲရင်..မင်းငါ့ကိုနှိပ်ပေးရမယ်.."
စနေ့အလောင်းအစားကို သူစိတ်ဝင်စားသွားပုံရသည်..။ စားဖိုဆောင်ဘက်လှည့်ထွက်သွားသည်..။
"ဟိုကောင်..အခုမပျင်းတော့ဘူးလား" စနေလှမ်းစသည်..
"ပျင်းသေးတာပဲဟေ့..ညကျရင်ဇိမ်ကျကျပျင်းရမှာမို့ ရင်းထားတာ.."
"အေးပါကွာ..မင်းပဲပျင်းရမလား..ငါပဲပျင်းရမလား ကြည့်ကြသေးတာပေါ့..နာမည်ပေးထားတော့ ဇွဲ..တဲ့"
ခဏကြာတော့ ကြွေပန်းကန်တွေပွေ့၍ ပြန်ရောက်လာသည်..။
"ဇွဲများလှချည်လား.. မင်းပန်းကန်တွေက.."
"ဟားဟား ..စနေ..မင်းနဲ့ငါ သဘောတူညီထားတဲ့အထဲမှာ အရေအတွက်မပါဘူးလေ..ကြောက်ရင် အခုပြန်ဖျက်လို့ရသေးတယ်နော်..ဟီးဟီး" ဇွဲက စပ်ဖြီးဖြီးနှင့် ခွပ်သည်..
"မဟုတ်ပါဘူး..ငါက မင်းလက်ညောင်းတာပဲ အဖတ်တင်နေမှာဆိုးလို့ပါ.." စနေကပြန်ပက်သည်..
(စကားချပ်။ ။ဟိုကခွပ်လိုက်.. ဒီကပက်လိုက်နှင့်မို့ ကြက်များဝက်များဟုမထင်စေလိုပါ... လူစင်စစ်များသာတည်း။ စာရေးသူ)
ဇွဲပထမဆုံးအနေဖြင့် ပန်းကန်ကွဲတစ်ချပ်ကို လေပေါ်အားကုန်ပစ်မြောက်လိုက်သည်..ဒိန်းကနဲသေနတ်သံနှင့်အတူ လမ်းတစ်ဝက်မှာတင်ပန်းကန်ကွဲဖွာထွက်သွားသည်.. နောက်တစ်ချက်.. နောက်တစ်ချက်..ပန်းကန်တွေသာတဖြည်းဖြည်းလျှော့လာသည်..စနေမလွဲသေး။
"ရော့..ဒီတစ်ခါနှစ်ချပ်" ဇွဲကညစ်သည်.. တစ်ချပ်ကို အပေါ်သို့ပစ်၍ နောက်တစ်ချပ်ကို အလျားလိုက် အဝေးသို့ပစ်သည်..။ စနေ အလျားလိုက်ထွက်သွားသော ပန်းကန်ကိုအရင်လှမ်းပစ်လိုက်ပြီး အပေါ်သို့ပစ်လိုက်သောပန်းကန် ပြန်အကျကိုစောင့်၍ သေနတ်မောင်းကို ဆွဲအညှစ်..
"ကောင်လေးတွေ..မနက်စာပြီးအောင် မစားတော့ဘူးလားဟေ့.." ဆမ်၏အသံကြီးထွက်လာသည်
"ဒိန်း"
"သွားပြီ.."စနေဒီတစ်ချက် မထိလိုက်..။ ဆမ့်အသံကြောင့် ကျည်ဆန်လန့်သွားသလားမသိ..။ ပန်းကန်ကွဲက ပလွတ်ခနဲ ရေထဲကျသွားသည်..။
"ဟားဟား..လွဲသားပြီ စနေ ..မင်းနှိပ်ပေးရတော့မယ်.. " ဇွဲ ၀မ်းသာအားရအော်သည်..။ စနေကမကျေမနပ်နှင့်..
"ဟာကွာ.. မဆိုင်ဘူးနော်.. ဇွဲ.. ဒါဆမ့်အသံကြောင့် .."
"မဟုတ်ဘူး.. စနေ.ရ" အန်ကယ်ဂျွန် ပဲ့ခန်းအ၀မှာရပ်လျှပ်လှမ်းပြောသည်..။ စနေ နှင့်ဇွဲတို့ လှမ်းကြည့်လိုက်သည်..။
"မင်းတကယ့်လက်တွေ့ ပစ်မှတ်တွေနဲ့တွေ့တဲ့အချိန် အခုလိုစိတ်ပျံ့လွင့်နေရင် ဘယ်လိုလုပ်မလဲ.. အပြင်ကပစ်မှတ်တွေကတော့ ခုဏကပန်းကန်လို ရေထဲကိုအေးဆေးဝင်သွားမှာ မဟုတ်ဘူးနော်.. သေသေခြာခြာလုပ် .." ပြောပြီးပြန်ဝင်သွားသည်..။ဟုတ်သည်..။စနေ သူ့ကိုယိသူ အပြစ်တင်လိုက်သည်..။ သူစိတ်တည်ငြိမ်မှရမည်..။ ဇွဲက သူ့ပခုံးကိုဖက်၍
"ဘာမှစိတ်မပျက်နဲ့ ..နောက်နေ့တွေ ငါမင်းနဲ့ အတူတူလေ့ကျင့်ပေးမယ်" ဇွဲက သူနေစိတ်သက်သာရအောင် နှစ်သိမ့်သည်..။ခုဏကလွဲသွားတာသာ အာသာဆိုလျှင်.. "ဟူး" သူသက်ပြင်းတစ်ချက် လေးလေးပင်ပင် ချမိသည်..။
"လာ.. စနေ ငါမင်းကိုပေးစရာရှိတယ်..။"
ဇွဲက သူ့သေတ္တာကြီးနှစ်လုံးဆီဆွဲခေါ်သွားသည်..။
No comments:
Post a Comment