နှင်းတွေကျနေဆဲ ဖြစ်သည်။..
မနက်ခင်း ၈ နာရီထိုးနေပြီ ဖြစ်သော်လည်း နှင်းကမကွဲချင်သေး။.. အိုက်ဆောင် အဖို့ ဒီနေ့ အလုပ်စလုပ်ရမည်မို့ စိတ်လှုပ်ရှားနေသည်။.. အလုပ်က တစ်ခြားတော့မဟုတ်။.. ရေခဲချောင်းသွားရောင်းကြဖို့ ဖြစ်သည်။.. အိုက်ဆောင် တို့ အဖေမှာ ချို့တဲ့သော ၀န်ထမ်းဆိုသော်လည်း အိုက်ဆောင် လို ၄တန်း ကလေးတစ်ယောက် ရေခဲချောင်းထွက်ရောင်းရလောက်အောင် မချို့တဲ့လှ။.. ဒါပေမယ့် အစ်ကိုတွေ အလုပ်ထွက်လုပ်နေတော့ သူလဲ လုပ်ကြည့်ချင်သည်။.. သူငယ်ချင်းတွေ ရေခဲချောင်းရောင်းထွက်ရာ နေရာများသို့ လိုက်ရင်း သူပါရောင်းချင်လာသည်။.. သူတို့ ပိုက်ဆံလေးနဲ့သူတို့ အရုပ်တွေ မုန့်တွေ ၀ယ်ကြသည်။ ဒန့်လော့ ဆိုလျှင် အင်္ကျီတောင် သူဘာသာသူ ၀ယ်နိုင်သည်။.. ဒန်းလော့တို့ အဖေဆိုလျှင် မြို့နယ်ဆောက်လုပ်ရေးမှ အင်ဂျင်နီယာတစ်ဦးဖြစ်သည်။.. ဝေဖြိုးတို့ ရာဇာတို့ အဖေများမှာလည်း သူတို့မြို့လေးတွေ အရာရှိတန်းမှ ၀န်ထမ်းများဖြစ်သည်။.. သူတို့မြို့လေးတွင် ထူးလည်းထူးခြား သဘောကျစရာကောင်းသောကိစ္စ တစ်ခုရှိသည်။.. အလုပ်လုပ်သောသူဆိုလျှင် မည်သည့်အလုပ်ပင်ဖြစ်စေ သဘောကျအားပေးကြခြင်းဖြစ်သည်။.. လိုင်းကားများမှ အစ ရေခဲပုံး ပါသောကလေးဆိုလျှင် ကားခတောင်းလေ့မရှိ။.. ထိုနည်းဖြင့် အိုက်ဆောင် ရေခဲပုံးအလွတ်လေး လွယ်၍ သူငယ်ချင်းတွေနဲ့ လိုက်ဖြစ်နေခြင်းဖြစ်သည်။..
သူတိုမြို့လေး၏ သဘောထားဟု ဆိုသော်လည်း တကယ်တန်း တိတိကျကျ ပြောရလျှင် မြို့လေး၏ သူတို့ဘက်အခြမ်းက လူများ၏ သဘောထားဖြစ်သည်။.. သူတို့မြို့ကို တောင်ကျချောင်းရေတို့ကြောင့် အမြဲတစေ နီကျင်နေသော မြစ်တစ်စင်းက အလည်မှ ပိုင်းထားသည်။.. သူတို့ဘက်ခြမ်းမှာ ၀န်ထမ်းအများစုနေထိုင်ကြပြီး မြစ်၏တစ်ဖက်ခြမ်းတွင်မူ ဒေသခံလူမျိုးများနေကြသည်။.. အိုက်ဆောင် တို့ဘက်တွင် ရေခဲချောင်း တစ်ချောင်း ငါးမူးနှင့်ယူသွားပြီး မြစ်၏တစ်ဖက်ကို ရောက်လျှင် နှစ်ကျပ်ရသည်။.. သူတို့မြို့မှ ၁၄ မိုင်ခန့်အကွာရှိ ရွာကြီးသို့ သွားရောင်းလျှင် ငါးကျပ်ရသည်ဟု ကြားဖူးသည်။.. ဒီတစ်ခါတော့ အိုက်ဆောင် လည်းပါလာသည့် အထိမ်းအမှတ်ဖြင့် ထိုရွာကို သွားရောင်းကြဖို့ တိုင်ပင်ထားကြသည်။.. ထို့ကြောင့် ဆောင်းတွင်းမနက် နှင်းမှုန်တွေကြားထဲမှာပင် အိုက်ဆောင် တို့ အဖွဲ့ ရေခဲချောင်း ထုတ်ရောင်းသော အဖွားစိန်အိမ်သို့ရောက်နေကြခြင်းဖြစ်သည်။.. အဖွားစိန်ကပင် အလန့်တကြား ပြောယူရသည်။..
“ဟဲ့.. ကလေးတွေ ဘယ်အချိန်ရှိသေးတုန်း.. နင်တို့တွေ ဒီအချိန်ကြီး ရေခဲချောင်းရောင်းတော့ ဘယ်သူစားမတုန်းဟဲ့.. ဒီနေ့အဖို့နှင်းကတော်တော်နဲ့ ကွဲဦးမယ့်ပုံမပေါ်ဘူး..”
“အဖွားကလည်း.. သားတို့က ဒီနေ့ မန်ပန် အထိသွားရောင်းမှာ အဖွားရဲ့.. ”
ဝေဖြိုးက ဒါလေးတောင်မသိရကောင်းလားဆိုသော လေသံကတစ်ဝက် အမြတ်တွေ အများကြီးရတော့မှာမို့ ကြွားနေသည့်လေသံကတစ်ဝက်ဖြင့် ပြောသည်။.. ဒန်းလော့ကတော့ မျက်လုံးမှိတ်သွားအောင်ကို ပြုံးဖြီး၍ သဘောကျနေလေသည်။.. သူဒီတစ်ခေါက်တော့ အင်္ကျီတစ်ထည်လောက် ရပြီဆိုသည့် အတွေးနှင့်ဖြစ်သည်။.. အဖွားစိန်ကတော့ ဘာမှ မပြောတော့ပဲ ခေါင်းတခါခါ လည်တခါခါ ဖြင့်သာ ရေခဲချောင်းများ တစ်ယောက်ပြီးတစ်ယောက် ထည့်ပေးနေတော့သည်။..
"ကဲ.. နောက်တစ်ပုံးယူခဲ့.."
အဖွားစိန်တစ်ပုံးထည့်ပေးပြီးသွားသဖြင့် နောက်တစ်ပုံးလှမ်းတောင်းလိုက်သည်။.. အိုက်ဆောင် ရေခံပုံးလေးကိုင်ပြီး ရှေ့တိုးသွားသည်။.. အဖွားစိန်က မျက်ခုံးကို တွန့်၍ အားစိုက်ကြည့်လိုက်ရင်း..
"ဟဲ့.. ဒါလေးက.. ဗိုလ်လုံ့ သားအငယ်ဆုံးလေးမလား.. အဖေတို့ အဆင်ပြေကြရဲ့လားငါ့မြေး.."
အဖွားစိန် က အဖေတို့နှင့်သိသည်ဆိုလျှင်။.. အိုက်ဆောင် စိတ်ပူသွားသည်။.. တကယ်တော့ သူဒီနေ့ ရေခဲချောင်း လိုက်ရောင်းမည်ကို အဖေတို့မသိ။.. ငယ်စဉ်ကတည်းက ချူချူခြာခြာ နိုင်လှသော အိုက်ဆောင် ကို တစ်အိမ်လုံးက ပိုးမွေးသလို မွေးထားကြသည်။.. ရေခဲချောင်းလိုက်ရောင်းမည် မှန်းသာသိလျှင် အမေရိုက်တာခံရတော့မည်။.. အဖွားစိန်ကို တစ်ချက်ကြည့်ပြီး..
"အ..အစဉ်ပြေပါတယ် အဖွား.. "
"သြ.. မသိပါဘူကွယ် အိုက်ဆောင် လေးတောင် ရေခဲချောင်းထွက်ရောင်းခွင့်ပြုတယ်ဆိုတော့ အဆင်မှပြေရဲ့လားလို့..."
"အခုဟာက သားကို ရောင်းချင်လို့ပါ အဖွားရဲ့ အဖေတို့ က အဆင်ပြေပါတယ်.."
"အေးအေး.. တော်ပါ့ကွယ်. တော်ပါ့... နေဦး အဖွားငါ့မြေးတို့အတွက် မုန့်ပေးလိုက်ဦးမယ်.."
အခုမှပင် အိုက်ဆောင် စိတ်အေးသွားတော့သည်။.. ဒီအတိုင်းဆို အဖွားစိန် အိမ်ကိုတိုင်မည့်ပုံမပေါ်ပေ။.. ရေခဲချောင်းပုံတွေ ဖြည့်ပြီး အိုက်ဆောင် တို့ အဖွားစိန်အိမ်က ထွက်လာသောအချိန်တွင် အိုက်ဆောင် တို့လက်ထဲတွင် အဖွားစိန် ဘုရားစင်မှ ချပေးလိုက်သော ကိတ်မုန့်ဘူး အကြီးကြီးတစ်ဘူးပါလာသည်။.. ဒန်းလော့က
"အဖွားစိန်က ငါတို့ ရေခဲချောင်းယူနေတာကြာပြီ.. အခုကျမှ မုန့်ပေးတာ"
"အိုက်ဆောင် ပါလို့နေမှာပေါ့.. ဒီကောင့်ပုံက မုန့်မှ မစားရရင် လဲကျတော့မယ့်ပုံမို့ပေးလိုက်တာ.."
ဝေဖြိုးကပါ မကျေမနပ်ပြောသည်။.. ရာဇာကတော့ ရေခဲပုံးကိုခေါက်ရင် အိုက်ဆောင် လက်ထဲက မုန့်ဘူးကိုသာငေးနေသည်။.. အိုက်ဆောင် လဲ
"မင်းတို့ကလဲ ငါ့တစ်ယောက်ထဲအတွက်မဟုတ်ပါဘူး.. ငါတို့အတူတူစားကြမယ်လေ.."
ထိုစကားကြားမှ ကျန်ကလေးများ၏ မျက်လုံးများ အရောင်လဲ့လာကြသည်။..
"အေးပြီးတာပဲ အဲ့ဒါဆို.."
အိုက်ဆောင် တို့ မန်ပန်ရောက်တော့ ၁၀ နာရီကျော်နေပြီ။.. သို့သော်နှင်းမကွဲချင်သေး။.. အေးလွန်း၍ ဘယ်သူမှ လည်၍မရောင်းချင်ကြသဖြင့် ဈေးနားမှာပင် စုပြုံထိုင်နေကြသည်။.. ဒီအတိုင်းဆို သူတို့ရောင်းရဖို့ လမ်းပင်မမြင်။.. အခုမှ တစ်ယောက်ကိုလေးငါးချောင်း ရောင်းရသေးသည်။.. ရာဇာဆိုလျှင် ငိုက်နေ၍ တစ်ချောင်းမှ မရောင်းရသေး။.. သူဟာသူတော့တစ်ချောင်းယူစားပြီးပြီ။.. ခဏအကြာတွင် ဈေးရှေ့ လမ်းကြားထဲမှ တိုင်းရင်းသား ကလေးလေးတစ်ယောက်ထွက်လာသည်။.. ငါးနှစ်ခန့်သာရှိဦးမည်။.. ဗမာစကားလဲ ပြောတတ်မည့်ပုံမပေါ်ပေ။ သူတို့လေးယောက်ကို တစ်လှည့်စီကြည့်သည်။.. သူဘယ်သူ့ထံမှ ၀ယ်ရမည်ကို ဝေခွဲမရဖြစ်နေပုံရသည်။.. အိုက်ဆောင် တို့တွေလဲ မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်နေကြသည်။.. ပြီးမှ ကလေးက သူနှင့်အနီးဆုံး ဒန်းလော့ ထံမှ ရေခဲချောင်း နှစ်ချောင်းယူသည်။.. သူ့လက်ထဲပါလာသော ပိုက်ဆံကို ရေခဲပုံပေါ်ချပြီး တစ်ဖက်တစ်ချောင်းစီကိုင်ပြီ လှည့်ထွက်သွားသည်။.. ကြည့်လိုက်တော့ ၂၀၀ တန်ကြီး။.. သူတို့တောင် မကိုင်ဖူးပေ။.. ငါးနှစ်သားလေးကတော့ သူတို့ရှေ့ကို ဘတ်ကနဲ ချသွားသည် သူတို့လေးယောက်ကလေးကို အလန့်တကြားပြန်ခေါ်ကြပြီး ရှိသမျှ အကြွေးလေးတွေ အကုန်အမ်းပေး လိုက်ကြသည်။.. သိပ်မကြာလိုက်။.. ထိုလမ်းကြားလေးအတွင်းမှ ကလေးများ တစ်သုတ်ပြီး တစ်သုတ် ထွက်လာပြီး ၀ယ်လိုက်ကြသည်မှာ အိုက်ဆောင် တို့လက်ပင်မလည်။.. နေ့လည်တစ်နာရီကျော် တော့ သူတို့ပါသမျှ ရေခဲချောင်းများ အကုန် မန်ပန်မှ ကလေးများဗိုက်ထဲသို့ ရောက်သွားပြီဖြစ်သည်။..
“ငါတို့ နောက်တစ်ခေါက်ပြန်ယူရအောင်.. ”
ရာဇာ့အပြောကို အားလုံးသဘောကြ သွားကြသည်။..
“အေးငါတို့ ထမင်းစားပြီးရင် ပြန်ယူကြမယ်.. အိုက်ဆောင် ငါတို့ ထမင်းဘူးကို မင်းကို ခွဲကြွေးမယ်.. ပြီးရင် မင်းကိတ်မုန့်ကို အတူတူ စားကြမယ်..”
“အေး.. စားမယ်..”
ထမင်းစားပြီး သူတို့လေးယောက် လိုင်းကားနှင့်ပြန်၍ ရေခဲချောင်းယူကြသည်။.. အံ့သြနေသော အဖွားစိန်ကို ဘာမှ ရှင်းပြမနေတော့။.. ဒါကလေးတွေ ကိစ္စ။.. ရေခဲချောင်းယူပြီးပြီးချင်း ကားဂိတ်သို့ပြန်ပြေးကြသည်။.. ညနေခင်းမှာ မနက်ထက်ပင် ပို၍ရောင်းရသေးသည်။.. ကလေးများတင်မကပဲ လူကြီးများပါလာဝယ်စားကြသည်။.. သူတို့ ဗိုက်တွေ တဂြီဂြီ ဆာနေသည်ကို ရေခဲချောင်းများကုန်၍ ပြန်ခါနီးမှ သတိရကြသည်။.. ညနေစာ အတွက် ဘာမှ ထည့်မလာကြ။..
“အိမ်ပြန်ရောက်မှ စားကြတာပေါ့ကွာ..” ဝေဖြိုးက နှစ်သိမ့်သည်။..
“အေး ဒါဖြင့်ရင် မြန်မြန်ပြန်ရအောင် နောက်ကျရင် ငါ့အမေရိုက်လိမ့်မယ်” အိုက်ဆောင် စိတ်ပူတာက သက်သက်ဖြစ်သည်။.. သို့သော် လောလောဆယ် သူဗိုက်ဆာတာက စိတ်ပူတာထက်ပိုနေသည်။.. လေးယောက်ကားဂိတ်ကို အူယားဖားယား ပြေးကြသည်။.. သို့သော် နောက်ဆုံးကားမှ လွန်ခဲ့သော နာရီဝက်ခန့်ကပင် ထွက်သွားခဲ့လေပြီ။.. အိုက်ဆောင် စိတ်ပျက်လက်ပျက်နှင့်..
“ငါတော့ အသတ်ခံရတော့မှာပဲ..”
“ငါတို့လဲ အိမ်ပြန်မရောက်ရင်တော့ ရိုက်ခံရမှာပဲ.. အိုက်ဆောင် ရ”
“ဒန်းလော့ပြောတာဟုတ်တယ် ငါ့အမားတို့က လျှောက်သွားပြီး ပြန်လာတယ်ထင်တော့မှာပဲ..”
“ငါတို့ဘယ်လိုပြန်ကြမလဲ.. ” ရာဇာက စိတ်ပျက်လက်ပျက်မေးသည်။..
“လမ်းလျှောက်မယ်ကွာ.. ၁၄ မိုင်ပဲရှိတာပဲ..” ဒန်းလော့ကပြောသည်။.. အားလုံးဒန်းလော့ကို တအံ့တသြ ကြည့်ကြသည်။.. သို့သော် သူတို့အားလုံး ဒန်းလော့ပြောတာ လက်ခံမှဖြစ်မည်။.. မဟုတ်လျှင် ပြန်မရောက်နိုင်တော့။.. တဖြည်းဖြည်းနှင့် မှောင်လာပြီဖြစ်သည်။.. သူတို့တွေ ဗိုက်ဟောင်းလောင်းများဖြင့် အပြန်လမ်းကိုစလိုက်ကြသည်။.. နေရောင် လုံးလုံးပျောက်၍ ကြယ်လေးတွေ ဟိုတစ်လုံး ဒီတစ်လုံး မြင်ရချိန်အထိ သူတို့ လမ်းတစ်ဝက်လောက်သာ ကျိုးသေးသည်။.. ခြေထောက်တွေပင်မသယ်ချင်တော့။.. အေးလဲ အေး ဆာလဲဆာ နေကြပြီ။..
“ရေဆာလိုက်တာကွာ.. ” အိုက်ဆောင် ညည်းလိုက်သည်။.. ဝေဖြိုးက လဲ
“အေးကွာ ရေတောင်သောက်စရာမရှိဘူး.. နေဦး.. ရေခဲပုံးတွေထဲမှာ ပျော်နေတဲ့ရေတွေရှိမှာပေါ့..”
အားလုံး ၀မ်းသာအားရ ကိုယ့်ရေခဲပုံကိုယ်ဖွင့်ကြည့်ကြသည်။.. အိုက်ဆောင် က ရေခဲပုံးအဖုံးကိုပြန်ပိတ်ရင်..
“ငါ့ပုံထဲမှာတော့ မရှိတော့ဘူး.. မင်းဆီမှာကော ဒန်းလော့..”
“ငါ့ပုံးထံမှာလဲ စိုစိုလေးပဲရှိတော့တယ်…” ကျန်နှစ်ယောက်ဆီ မျော်လင့်တကြီး လှမ်းကြည့်လိုက်သည်။.. ခေါင်းလေးများသာ ပြန်၍ ရမ်းပြနိုင်ကြသည်။.. အိုက်ဆောင် စိတ်ပျက်စွာ ပြန်ထိုင်လိုက်သည်။..
“လမ်းမှာ ရွာတွေ့ရင်ကောင်းမှာပဲကွာ..”
“ဟာ .. အိုက်ဆောင် .. ဟိုမှာ မီးမီး… မီးရောင်လို့ပြောတာ..” ရာဇာ အလန့်တကြားထအော်သည်။.. တောင်ယာတဲလေး တစ်လုံး။… အိုက်ဆောင် တို့ ယာခင်းကိုဖြစ်၍ တဲလေးဆီပြေးကြသည်။.. တဲအနီးရောက်တော့ အတွင်းမှ တစ်ခုခု လှမ်းအော်သံကြားရသည်။.. ဘာပြောလိုက်မှန်း သူတို့လဲ နားမလည်ကြ။.. ခဏကြာမှ တဲအတွင်းမှ ပအို့ဝ် ရိုးရာဝတ်စုံ ၀တ်ထားသော အဖိုးအို တစ်ဦးထွက်လာသည်။.. ဝေဖြိုးက
“အဘ.. ရေလေးနဲနဲ လောက်သောက်ချင်လို့ပါ..” နားလည်ပုံမပေါ်။.. ဒုက္ခရောက်ပြီ။.. ရာဇာက.. အဖိုးအိုနားသို့ ကပ်သွား ပြီး လက်ခုတ်ကလေးနှင့်ရေသောက်သည့်ပုံ လုပ်ပြသည်။.. အဖိုးအိုနားလည်သွား သည့်ဟန်နှင့် အတွင်းသို့ လက်ယက်၍ ခေါ်လိုက်သည်။.. လေးယောက်သာ တစ်ယောက်လက် တစ်ယောက်ကုတ်ရင်း ၀မ်းသာအားရ လိုက်သွားကြသည်။..
“ဒီလို အ’ အ စကားကျတော့ ရာဇာကြီးက အားကိုရတယ်ဟ.. ထင်ရဘူး..” ဒန်းလော့က လှမ်းနောက်သည်။.. ရာဇာက လက်သီးကို နောက်ပြန် ပြပြီး တဲအတွင်းသို့ ဦးဆောင်၍ ၀င်သွားသည်။.. တဲအတွင်း မီးဖို အရှိန်ဖြင့် နွေးနေသည်။.. မီးဖိုဘေးတွင်မူ ထမင်းအိုး ကို စောင်း၍ ငှဲ့နေသော ပအို့ဝ် အဖွားအို တစ်ဦးရှိသည်။.. ထမင်းအိုးကို မီးဖိုပေါ်ပြန်တင်၍ သူတို့ကို နွေးနွေးထွေးထွေး ပြုံးပြသည်။.. အဖိုးအိုက ဘူးသီးခြောက်ရေဘူးလေးယူလာပြီး ၀ါးဆစ်ခွက်လေးများ အတွင်းသို့ ငှဲ့ပေးသည်။.. ဘူးသီးခြောက်ကော ၀ါးဆစ်ခွက်လေးများပါ မီးဖိုတွင် ကျပ်တင်ထားသောကြောင့် မီးခိုးနဲ့လေးမွှေးနေသည်။.. အိုက်ဆောင် တို့ လေးယောက် ရေသာသောက်နေကြသည်။.. မျက်လုံးက ထမင်းအိုးက မခွာနိုင်ကြ။.. ရေခွက်လေးများပြန်ချပြီ လေးယောက်သား အဖိုးအို အဖွားအိုတို့ကို နုတ်ဆက်လိုက်ကြသည်။.. အဖွားအိုက လက်ကာပြပြီး.. အဖိုးအိုနှင့် စကား ပြောနေကြသည်။.. နောက်မှ သိရသည်မှာ သူတို့ တွေကို ထမင်းကျွေးဖို့ တိုင်ပင်နေကြခြင်းဖြစ်သည်။
နောက်ငါးမိနစ် အကြာတွင် အိုက်ဆောင် တို့ တသိုက် မီးဖိုဘေး မြေကြီးပေါ်တွင် ချထားသော ထမင်းစားပွဲကို ၀ိုင်း၍ ခေါင်းမဖော်တမ်း စားနေကြပြီဖြစ်သည်..။ အိုက်ဆောင် တို့ တစ်သက် ဒီထမင်းဟင်းလောက် ကောင်းသော ထမင်းဟင်းမျိုးမစားခဲ့ဖူး ဟုပင်ခံစားရသည်..။ ထမင်းဝိုင်းမှာ အထူးအထွေဘာမှ မပါပေ..။ ကျက်ခါစ တောင်ယာထမင်း ပူပူ ရယ်..။ လောလောလတ်လေး ကြော်လိုက်သော ငရုပ်သီးအနီတောင့် ရဲရဲ တောက် ကြွတ်ကြွတ်ကြီးတွေ နှင့် ဆားတစ်ခွက်သာ..။
အိုက်ဆောင် တို့ စားပြီးခါမှ ပင် ပအိုဝ့် အဖိုးအို အဖွားအိုတို့ကို သတိရကြသည်..။ အဖိုးအို အဖွားအိုတို့မှာ မီးဖိုဘေးတွင် ရေနွေးကြမ်းတစ်ယောက် တစ်ခွက်စီကိုင်ကာ သူတို့ကို ပြုံး၍ ကြည့်နေကြသည်..။ အိုက်ဆောင် တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်..။ အဖိုးအို အဖွားအိုတို့ကို တင်ရှိသော သူတို့ ကျေးဇူးကို ဘယ်လိုဖေါ်ပြရမှန်း မသိကြ..။ နောက်ဆုံး အားလုံးတစ်ညီတစ်ညာထဲ အိတ်ထဲမှ ရေခဲချောင်းရောင်းရလာသော အကြွေအားလုံး ကိုယ်စီကိုယ်စီ ထုတ်၍ အဖိုးအို အဖွားအိုတို့ ကို ကန်တော့ဖို့လုပ်ကြသည်..။ အဖိုးအို တို့မှာ သူတို့ ကလေးတွေကို သဘောကျ၍ တပြုံးပြုံး ခေါင်းကလေးတွေ သပ်ကာ သူတို့ ဘာသာစကားဖြင့် ဆုပေးနေကြဟန်တူသည်..။ သူတို့ ကန်တော့ သော အကြွေလေးတွေကိုလဲ လက်မခံပဲ သူတို့ လွယ်အိတ်များအတွင်းသို့ ပြန်ထည့်ပေးကြသည်..။ ထို့နောက် သူတို့ လက်ကိုဆွဲ၍ ခြံဝအထိလိုက်ပို့ပေးကြသည်..။ အိုက်ဆောင် တို့တသက်ဒီထမင်းဝိုင်းကို ဘယ်တော့မှ မေ့တော့မည်မဟုတ်မှန်း ကိုယ်စီကိုယ်စီ ခံစားလိုက်ကြရသည်..။ ခေါင်းပေါ်မှ ထွက်ပေါ်လာသော လမင်းကြီးနှင့် အပြိုင် အဖိုးအို အဖွားအိုတို့ မျက်နှာတို့ ၀င်းပနေကြသည်..။ ထို့နောက်တွက်ကား အိုက်ဆောင် တို့ကလေးလေးယောက် မန်ပန် ကားလမ်းအတိုင်း သီချင်းတကျော်ကျော် အော်ဆိုပြီး ပြန်ခဲ့ကြလေတော့သည်..။
အိုက်ဆောင် အဲ့ဒီထမင်းဝိုင်းကို မမေ့ခဲ့ပါဘူး
ပြန်မတွေ့တော့ပေမယ့် ဒန်းလော့ တို့ ရာဇာတို့ ဝေဖြိုးတို့လဲ မေ့နိုင်ကြမည်မဟုတ်မှန် အိုက်ဆောင် သေခြာခံစားသိနိုင်ပါသည်..။
No comments:
Post a Comment